By Western News/ 2021 October 17
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တရားရုံးက အပြစ်မရှိဟုဆိုကာ ပြန်လွှတ်ပေးခဲ့သည့် ပလက်ဝဒေသခံ ၄ ဦးကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့် မြို့နယ်ရဲမှူးက ဖမ်းဆီးတရားစွဲလိုက်သည်ဟု မိသားစုဝင်များကပြောသည်။
ပြန်လည်ဖမ်းဆီး တရားစွဲခံရသူများမှာ ကိုအိုက်ထွန်းမင်း၊ ကိုထွန်းမင်း(အဆိုတော်)၊ ကိုထွန်းမင်း(သစ်တော)နှင့် ကိုအောင်ထွန်းစိုး တို့ ဖြစ်ကြသည်။
၎င်းတို့ ၄ ဦးကို အောက်တိုဘာ ၁၂ ရက်နေ့က ပလက်ဝတရားရုံးက အပြစ်မရှိ၍ လွှတ်ပေးလိုက်ပြီးနောက် အောက်တိုဘာ ၁၃ ရက်နေ့တွင် မြို့နယ်ရဲတပ်ဖွဲ့ကပြန်လည် ဖမ်းဆီးကာ အောက်တိုဘာ ၁၄ ရက်နေ့တွင် မြို့နယ်ရဲမှူး ထွန်းကိုကိုလတ်က တရားလိုလုပ်ကာ မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁) ဖြင့်တရားစွဲဆိုထားခြင်းဖြစ်သည်ဟု မိသားစုဝင်များကပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသူများနှင့် မိသားစုအကြားတွေဆုံခွင့် မရသလို မည့်သည့်အတွက် တရားစွဲဆိုထားခြင်းကို မသိရှိရဟု ဖမ်းဆီးခံ မိသားစုဝင်တစ်ဦးက Western News ကိုပြောသည်။
“သူတိုကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက်ပိုင်းကဖမ်းဆီးပြီးတော့ ၁၄ ရက်နေ့မှာ မြို့နယ်ရဲမှူးက ပုဒ်မ ၁၇(၁) နဲ့ တရားလိုလုပ်ပြီး တရားစွဲဆိုထားတာပါ။ ဖမ်းသွားတဲ့ နေ့ကတည်းက မိသားစုတွေနဲ့ တွေခွင့်မရဘူး။ ဘာဖြစ်အခုလို တရားစွဲတယ် ဆိုတာလည်းမသိရဘူး”ဟုပြောသည်။
၎င်းတို့ ၄ ဦးကို ပလက်ဝမြို့အခြေစိုက် မြန်မာစစ်တပ် အရာရှိတစ်ဦးက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၈ (၁) အရ စွဲဆိုထားသည့်အမှုကို ကျူးလွန်ခြင်းမရှိသည့်အတွက် အောက်တိုဘာ ၁၂ ရက်တွင် အပြီးသတ်လွတ်မြောက်သွားသူများဖြစ်သည်ဟု ပလက်ဝမြို့နယ်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက Western News ကို ပြောဆိုထားသည်။
ယခုစွဲဆိုထားသည့် ပုဒ်မ၁၇(၁)မှာ လွန်ခဲ့သည့် ၄ လ လောက်ကပင် စွဲဆိုထားခြင်းဖြစ်သည်ဟုပလက်ဝ မြို့နယ်မှူး ရဲမှူးထွန်းကိုကိုလတ်က Western News ပြောသည်။
“ပုဒ်မ ၁၇(၁)နဲ့ တရားစွဲထားတာဟုတ်တယ်လေ။ တရားလိုကတော့ ကျွန်တော်မြို့နယ်ရဲမှူး ထွန်းကိုကိုလတ်ပါပဲ။ သူတို့မှာ တစ်မှုကပြီးသွားပြီးလေ။ အခုအမှုကလည်း လွန်ခဲ့ ၄ လလောက်ကတည်းကစွဲထားတာပါ”ဟုပြောသည်။
ပြန်လည်ဖမ်းဆီး၊ တရားစွဲခံရသူ ၄ ဦးမှာ ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့က ပလက်ဝမြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဗုံးပေါက်ကွဲမှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဗုံးပေါက်ကွဲပြီးနောက် ၎င်းတို့ ၄ ဦးနှင့်အတူ ဦးရာကျော် ဆိုသူကိုလည်း ဖမ်းဆီးခဲ့ပြီး စစ်တွေမြို့မ ရဲစခန်းကို ပို့ဆောင်ခဲ့သည်။ ယင်းနောက် ဇူလိုင်လ ၁၁ ရက်နေ့တွင် ဦးရာကျော်ကို စစ်တွေမြို့မရဲစခန်းမှ ပလက်ဝမြို့မရဲစခန်းသို့ ပြန်လည်ယူဆောင်ခဲ့ပြီး ၎င်းကိုအပြစ်မရှိဟုဆိုကာ စက်တင်ဘာ ၂၂ ရက်နေ့ ပလက်ဝရဲစခန်းက ပြန်လည်လွှတ်ပေးခဲ့သည်။
https://www.facebook.com/westernnewsagency/posts/391491669324010