တပ်စွဲထားသည့် မင်းပြားကျိန်းတောင်ဘုရားကို ဝါကျွတ်လပြည့် ၁ ရက်သာဖူးခွင့်ရမည်

By Western News/ 2021 October 8

မြန်မာစစ်တပ်က တပ်စွဲထားသည့် ရခိုင်ပြည်နယ် မင်းပြားမြို့ပေါ်ကကျိန်းတောင်စေတီကို လာမည့်သီတင်းကျွတ်လပြည့်နေ့၌ အများပြည်သူ ဖူးခွင့်ရမည်ဖြစ်ကြောင်း မင်းပြားဒေသခံများမှပြောသည်။

မင်းပြားမြို့နယ်မှ သံဃာအသင်း၊ အုပ်ချုပ်ရေးအဖွဲ့၊ လူမှုရေးအသင်းများစုပေါင်းကာ မင်းပြားတပ်နယ်ဗျူဟာမှူး သို့သွားရောက် တောင်းဆိုမှုပြုလုပ်ခဲ့၍ တစ်ရက်ဖူးခွင့်ရခဲ့ခြင်းဖြစ်ကြောင်း မင်းပြားမြို့နယ်ကောင်စီအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးသခင်ချို ကပြောသည်။

“ဘုရားကို သီတင်းကျွတ်လပြည့်နေ့ ၁ ရက်ဖူးခွင့်ရတယ်။ မြို့ကနေပြီး သံဃာအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့တွေ နောက်ပြီး လူမှုရေးအဖွဲ့တွေ အားလုံး ၂၅ ဖွဲ့လောက်ပူးပေါင်းပြီး မင်းပြားတပ်နယ် ဗျူဟာမှူးဆီကို သွားတောင်းဆိုခဲ့ကြတာ။ တောင်ပေါ်ရှိနေတဲ့ တပ်သားတွေကတော့ ဆင်းပေးမှာမျိုးတော့မဟုတ်ဘူး။ မှတ်ပုံတင်၊ နာမည်တွေစစ်တာမျိုးတွေမလုပ်ဘူး ပုံမှန်သွားလာခွင့်ပေးတာမျိုးပေါ့” ဟုပြောသည်။

ဘုရားကို နံနက် ၆ နာရီမှ ညနေ ၆ နာရီထိဖူးခွင့်ရမည်ဖြစ်ပြီး ၃ ရက်တောင်းဆိုရာတွင် ၁ ရက်ခွင့်ပြုချက် ရခဲ့ခြင်းဖြစ်ကြောင်း မင်းပြားကျိန်းတောင် ဂေါပကဥက္ကဋ္ဌ ဦးညီလှမောင် ကပြောသည်။

“သွားတောင်းဆိုတာကတော့ သံဃာတွေဦးဆောင်ပြီးသွားကြတာ။ ဒီရက်လေးမှာအများပြည်သူတွေ ဖူးခွင့် ရအောင်ဆိုပြီးပေါ့။ အရင်ဆုံး ဗျူဟာမှူးကို သွားပြောတယ်။ ဗျူဟာမှူးကနေတစ်ဆင့် တိုင်မှူး၊ တိုင်းမှူးကနေ အထက်ကိုတင်ပြပြီး တစ်ရက်ခွင့်ပြုချက်ရလာတာ။ ကျနော်တို့က ၃ ရက်တောင်းတာ ဒါပေမယ့် တစ်ရက်ရ တာကိုလက်ခံလိုက်တယ်။ နောက်လာမယ့် တန်ဆောင်မုန်း၊ သင်္ကြန်တို့မှာလည်း အဆင်ပြေစေချင်လို့ပါ။ အချိန်ကတော့ နံနက် ၆ နာရီကနေ ညနေ ၆ နာရီထိ ဖူးခွင့်ရတယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှသိန်းအောင်က ဘုရားကို တက်ရောက်ဖူးကြရာတွင် အများပြည်သူအား အနှောင့်ယှက်တစ်စုံတစ်ရာမဖြစ်စေရန်လိုအပ်ကြောင်း ပြောသည်။

“သူတို့တက်ခွင့်ပေးတယ်ဆိုပေမယ့် ကားလမ်းကပဲ။ စောင်းတန်းကတော့ တက်ခွင့်မရဘူး။ ပိတ်ထားတယ်။ အရင်နှစ် သင်္ကြန်တုန်းကလည်းခွင့်ပြုတယ်။ ဒါပေမယ့် ဘုရားမှာ စစ်သားမရှိရင် ရဲသားကရှိနေတာပဲ။ မှတ်ပုံတင်တွေ နာမည်တွေပေးရတယ်။ ပြောချင်တာက ဘုရားဖူးခွင့်ပေးရင်လည်း လာဖူးတဲ့သူတွေကို အနှောင့်အယှက် တစ်စုံတစ်ရာမပေးဘဲ သွားလာခွင့်ပေးသင့်တယ်” ဟုပြောသည်။

မင်းပြားကျိန်းတောင်စေတီတည်ရှိရာ တောင်ပေါ်တွင် မြန်မာစစ်တပ်မှ ၂၀၁၉ ခုနှစ်မှစ၍ တပ်စွဲနေရာယူထား ခြင်းဖြစ်ပြီး ဒေသခံများနှင့် ရပ်ဝေးမှလာရောက်သူများ လွတ်လပ်စွာဘုရားဖူးခွင့်မရကြသည်မှာသည်မှာ ၃ နှစ်နီး ပါးခန့်ရှိလာပြီဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/385358273270683

Leave a Reply

Your email address will not be published.