တင်းမကျေးရွာသားများ နေရပ်ပြန်နိုင်ရေး ၃ ကြိမ်မြောက်တင်ပြတောင်းဆိုထားမှု အကြောင်းမပြန်၊ ထပ်မံတောင်းဆိုထား

By Western News/ 2021 October 24

ရခိုင်ပြည်နယ်၊ တင်းမကျေးရွာက ကျေးရွာသားများ နေရပ်ပြန်နိုင်ရေးအတွက် ကြိုတင်ရှင်းလင်းမှုလုပ်ရန် ၃ ကြိမ်တိုင်စာတင်ပြတောင်းဆိုထားသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်လာခြင်းမရှိသေးကြောင်း ကျေးရွာသားများကပြောသည်။

နေရပ်ပြန်နိုင်ရေးအတွက် ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့၊ မေလ ၁၀ ရက်နှင့် စက်တင်ဘာလ ၂ ရက်တို့တွင် ၃ ကြိမ်တိုင်တိုင် ပြည်နယ်စစ်ကောင်စီအပါအဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် သက်ဆိုင်ရာဌာနများကို စာတင်ပြတောင်းဆိုထားခြင်းဖြစ်သည်။

ယခုလ အောက်တိုဘာ ၇ ရက်နေ့ကလည်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ကို တင်းမဆရာတော်ကြီးကိုယ်တိုင်သွားရောက်တွေ့ဆုံ၍ အောက်တိုဘာ ၂၂ ရက်နေ့တွင် နေရပ်ပြန်နိုင်ရန်ကြိုးစားပေးမည်ဟု ၄င်းကပြောဆိုခဲ့သော်လည်း လက်ရှိတွင် အောက်တိုဘာ ၂၅ ရက်နေ့ ရောက်သည့်တိုင် တစ်စုံတစ်ရာ အကြောင်းပြန်လာြင်းမရှိသေးကြောင်း တင်းမဆရာတော်ကြီးက Western News ကိုမိန့်သည်။

ယင်းကြောင့် ယနေ့ အောက်တိုဘာ ၂၅ ရက်နေ့တွင် ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ၄ ကြိမ်မြောက်ထပ်မံတောင်းဆိုစာတင်ထားသည်ဟု ဆရာတော်ကြီးကမိန့်သည်။

“ဦးဇင်းတို့အနေနဲ့ ၂၂ ရက်နေ့ပြန်မယ်လို့ မျှော်လင့်ထားကြတာပေါ့။ ၃ကြိမ်မြောက်တောင် စာတင်ပြီးပြီလေ။ စက်တင်ဘာ ၇ ရက်နေ့ကလည်း ဦးဇင်းကိုယ်တိုင် နယ်လုံဝန်ကြီးနဲ့ ကိုယ်တိုင်သွားရောက်ခဲ့တယ်။ နေရပ်ပြန် နိုင်ရေးကြိုးစားပေးမယ်ပြောတာပေါ့။ ဒါပေမယ့် ၂၅ ရက်ဖြစ်သွားပြီ။ ပြည်နယ်ကကော နယ်လုံကကော ဘာမှ အကြောင်းမပြန်ကြပါဘူး။ မရဘူးဆိုလဲမရဘူး။ ရရင်လည်းရတယ်အကြောင်းပြန်သင့်ပါတယ်။ အဲ့ဒါကြောင့် မြို့နယ်ထွေအုပ်မှာ ဒီန့ ထပ်မံတင်ပြထားပါတယ်”ဟုပြောသည်။

တင်းမကျေးရွာသားများမှာ ကျေးရွာသို့ အပြီးအပိုင်သွားရောက်နေထိုင်လိုခြင်းမဟုတ်ဘဲ ကျေးရွာရှိ နေအိမ်များမှ ချုံနွယ်များကို ကြိုတင်ရှင်းလင်းရန်အတွက် ကျေးရွာသား ၁၀၀ ဦနှင့် သံဃာ ၅ ပါး သွားရောက်ရန်တောင်းဆိုခြင်းဖြစ်သည်။

နေရပ်ကိုပြန်၍ ချုံနွယ်ရှင်းလင်းရေးလုပ်ရန်အတွက် ငွေကြေးမတတ်နိုင်သည့်ကြားထဲမှ စုပေါင်း ဘုတ်ဌားထားသည့်အပြင် လိုအပ်သည့်ပစ္စည်းများကို ဝယ်ထားပြီးမှ တစ်စုံတစ်ရာတိကျသေချာသည့် အာမခံချက်မရသည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်းတင်းမကြီးကျေးရွာမှ ဦးထွန်းသိန်းကပြောသည်။

“ကျွန်တော်တို့ ရွာသားတွေက နေရပ်ကိုရှင်းလင်းဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေ ဖြစ်တဲ့ ဓါးတွေ၊ ရိက္ခာတွေ၊ စက်တွေကို မရှိတဲ့ကြားထဲက စုပြီးဝယ်ထားကြတယ်။ ဘုတ်လည်းဌားထားပါတယ်။ ခုတော့ ဘယ်သူ့ဆီကမှ ဘာမှအကြောင်းမပြန်ကြပါဘူး။ တစ်ယောက်ကိုတစ်ယောက်လွှဲချကြပါတယ်။ ချုံနွယ်တွေကို ရှင်းလင်းဖို့လေးတောင်မှ ကျွန်တော်တို့ သွားခွင့်မရဘူး။ စစ်ဘေးရှောင်စခန်းမှာလည်း အဆင်မပြေမှုများစွာနဲ့နေနရတာပါ” ဟုပြောသည်။

တင်းမကျေးရွာသားများမှာ နေရပ်ပြန်နိုင်ရေးအတွက် ကျေးရွာရှိတောတောင်လယ်၊ ယာမြေများတွင် မိုင်းရှင်း လင်းလုပ်ပေးရန်၊ တင်းမကျေးရွာ ၁၈ ဦးကို တပ်မ ၅၅ မှ ဖမ်းဆီးသွားခြင်းအပေါ် ထိရောက်သော စုံစမ်းမှုများပြု လုပ်ပေးရန် အချက်များအပါအဝင် အချက် ၅ ချက်ဖြင့် တင်ပြတောင်းဆိုထားခြင်းဖြစ်သည်။

သို့သော်လည်း လက်ရှိအချိန်အထိ အစိုးရဖက်က အဆိုပါအချက် ၅ ချက်အပေါ်တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာမှုမရှိ ဟု တင်းမကျေးရွာသားများကပြောသည်။

တင်းမကျေးရွာသားများနေရပ်ပြန်နိုင်ရေးအတွက် တင်ပြတောင်းဆိုမှုနှင့်ပတ်သတ်၍ ရခိုင်ပြည်နယ် စစ်ကောင်စီ ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနှင့် လုံခြုံရေးနှင့်နပ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်သူ ကို Western News က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း လက်ခံမဖြေကြားခြင်းမရှိပေ။

တင်းမကျေးရွာအနီးတွင် မြန်မာ့စစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ ၂၀၂၀ ခုနှစ် မတ်လအတွင်း တိုက်ပွဲများပြင်း ထန် ဖြစ်ပွားမှုကြောင့် ကျေးရွာသားများမှာ နီးစပ်ရာသိုခိုလှုံထွက်ပြေးနေကြစဉ် နေအိမ် နေအိမ် ၅၈၅ လုံးအနက် ၁၃၂ လုံးမီးရှုံ့ခံခဲ့ရပြီး နေအိမ် ၉၃ မှာလည်း အနည်းငယ်ပျက်စီးခဲ့သည်။

https://www.facebook.com/westernnewsagency/posts/396660718807105

Leave a Reply

Your email address will not be published.