By Western News/ 2021 October 10
ရခိုင်တွင် မေလလယ်လောက်မှစ၍ မြင့်တက်ခဲ့သည့် ဆေးဝါးဈေးနှုန်းများမှာ လက်ရှိချိန်ထိ ယခင်ဝယ်ယူရရှိခဲ့သည့် ဈေးနှုန်းများသို့ ကျဆင်းခြင်းမရှိဘဲ ၃၀ ရာခိုင်နှုန်းခန့် ဈေးနှုန်းမြင့် နေကြောင်း ဆေးအရောင်းဆိုင်များမှ ပြောသည်။
ဆေးဝါးဈေးများမြင့်တက်နေပြီး ဈေးနှုန်းမှာလည်း ငြိမ်သက်မှုမရှိ၍ ရောင်းဝယ်ရာတွင် အဆင်မပြေဖြစ်နေရကြောင်း စစ်တွေမြို့တွင်ရှိသည့် တော်ဝင်ဆေးဆိုင်မှ ဆိုင်ပိုင်ရှင်ကပြောသည်။
“ဘိုင်အိုဂျက်ဆစ်က တစ်ကဒ် ၁၀၀၀၊ အင်နာဗွန်စီက ၁၂၀၀ အရင်ထက်ဈေးနှုန်းမြင့်တယ်။ တစ်ခြားဆေး တွေလည်း ဈေးတက်တယ်။ အရင်ကဒီဈေးမရှိဘူးလေ။ ဈေးကမြင့်နေတဲ့အပြင် ဈေးနှုန်းတွေကလည်း မငြိမ်ဘူး။ ဟိုကဈေးမငြိမ်တော့ ဒီကရောင်းဝယ်နေရတာလည်း သိပ်အဆင်မပြေဘူး” ဟုပြောသည်။
ဈေးနှုန်းများ အနည်းငယ်ကျဆင်းသည့် ဆေးဝါးများရှိသော်လည်း မကျဘဲဈေးမြင့်နေသည့်ဆေးများလည်းရှိရာ ယခင်ဈေးနှုန်းအတိုင်း ရောင်းဝယ်၍ မရကြောင်း နဝရတ်ရေစင် ဆေးဆိုင် အရောင်းစာရေးမမှ ပြောသည်။
“ဆေးတွေကတော့ အရင်တက်ခဲ့တဲ့ဈေးထက် နည်းနည်းကျသွားတဲ့ဆေးတွေရှိတယ်။ မကျတဲ့ဆေးတွေလည်းရှိ တယ်။ ကျရင်လည်း သိပ်အများတော့ကျမသွားဘူး။ အဲ့တော့ အရင်လို ဘိုင်အိုဂျက်ဆစ် တစ်ကဒ် ၅၀၀ လောက်နဲ့ ရောင်းလို့မရတော့ အခု ၁၀၀၀ ဖြစ်သွားပြီ” ဟုပြောသည်။
ပြည်နယ်တွင်း ကိုဗစ်တတိယလှိုင်းဖြစ်ပွားချိန်၌ ဆေးဝယ်ယူသူများပြားသည့်အတွက် အိမ်သုံးဆေးဝါးအချို့ ပြတ်လတ်မှုကြုံခဲ့ရပြီး ကျန်ရှိသည့်ဆေးများကိုလည်းမြင့်မားသောဈေးနှုန်းများဖြင့်ပေးဝယ်ခဲ့ကြရကာ လက်ရှိအချိန်ထိ ဆေးဈေးနှုန်းများ ကျဆင်းခြင်းမရှိသေးဘဲ ဈေးဆက်လက်မြင့်တက်နေဆဲဖြစ်သည်။
အသုံးပြုမှုများသည့် အိမ်သုံးဆေးဝါးများဖြစ်သော ဘိုင်အိုဂျက်ဆစ်၊ အင်နာဗွန်ဆီ၊ ပါရာစတာမောက်စ် ဘီတာမင်စီ စသည့်ဆေးများအပြင် တစ်ခြားဆေးဝါးများမှာလည်း ယခင်ထက် ၃၀ ရာခိုင်နှုန်းခန့် ဈေးနှုန်းမြင့် နေကြောင်း ဆေးဝါးအရောင်းဆိုင်များမှသိရသည်။
https://www.facebook.com/westernnewsagency/posts/386862876453556