ဆရာဝန်မရှိဘဲ ၂ နှစ်ခန့်ကြာပြီဖြစ်သည့် တောင်ကုတ်မြို့နယ် ငမောက်ချောင်းတိုက်နယ်ဆေးရုံသို့ ဆရာဝန်ရောက်ရှိလာ၍ ဒေသခံများ သောင်းသောင်းဖြဖြကြိုဆို

By Narinjara/ 2021 October 5

ချစ်အိလှိုင်

ဆရာဝန်မရှိဘဲ ၂ နှစ်ခန့်ကြာပြီဖြစ်သည့် တောင်ကုတ်မြို့နယ်မှ ငမောက်ချောင်းတိုက်နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် ယနေ့ တွဲဘက်ဆရာဝန်တစ်ဦးရောက်ရှိလာပြီဖြစ်၍ ဒေသခံများ ရာနှင့်ချီ သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြကြောင်း သိရသည်။

ယခုရောက်ရှိလာသည့်တွဲဘက်ဆရာဝန်မှာ ပေါက်တောမြို့ဇာတိ ဖြစ်သည့် ဒေါက်တာဇေယျာထွန်းဖြစ်ပြီး ယနေ့ အောက်တိုဘာ ၅ ရက် နံနက် ၁ဝ နာရီခန့်က ငမောက်ချောင်းတိုက်နယ်ဆေးရုံသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ဆရာဝန်ရောက်ရှိလာပြီဖြစ်၍ ငမောက်ချောင်းတစ်ကျွန်းလုံး ပျော်ရွှင်နေကြသည်ဟုလည်း သွားရောက်ကြိုဆိုခဲ့ကြသည့်ဒေသခံများက နိရဥ္စရာအား ပြောသည်။

အမော်ကျေးရွာမှ ဒေါ်ခင်မြင့်သိန်းက “အရင်တုန်းက သူနာပြုအပြာဝတ်နှစ်ယောက်နဲ့ပြရတယ်။ ဆရာဝန်မရှိဘဲ တစ်နှစ်ကျော်နေခဲ့ရတယ်။ အသည်းအသန်လူနာတွေကို နှစ်နာရီကြာသွားရတဲ့ တောင်ကုတ်ဆေးရုံကို ပို့ပြီးကုသခဲ့ရတယ်။ အခုလိုဆရာဝန်က ကျွန်မတို့ဆီလာပေးတဲ့အတွက် ဝမ်းသာပါတယ်။ တစ်ကျွန်းလုံးပျော်နေကြတယ်။ ထွက်လည်းကြိုနေကြပါတယ်” ဟု ပြောသည်။

ငမောက်ချောင်းတိုက်နယ်ဆေးရုံသည် ပန်းတင်ကျွန်းမှ ကျေးရွာ ၁၂ ရာက အားထားနေရသည့် ၁၆ ခုတင်ဆံ့တိုက်နယ်ဆေးရုံဖြစ်ပြီး တောင်ကုတ်မြို့နှင့် ရေမိုင် ၁၃ မိုင်ခန့်ဝေးကွာကြောင်း သိရသည်။

အဆိုပါဆေးရုံတွင် ယခင်တာဝန်ထမ်းဆောင်ခဲ့သည့်ဆရာဝန်သည် လွန်ခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ မေလခန့်မှစတင်ကာ သင်တန်းတက်မည်ဟုဆိုကာ ပြောင်းရွှေ့သွားသည့်အတွက် ဆရာဝန်မရှိဘဲ အထက်တန်းသူနာပြု နှစ်ဦးဖြင့် ဆေးရုံလည်ပတ်နေခဲ့ရကြောင်း သိရသည်။

ငမောက်ချောင်းအုပ်စုအုပ်ချုပ်ရေးမှူး ဦးဟန်ရွှေက “ဆရာဝန်က စစ်တွေက ပြောင်းလာတာလို့သိရတယ်။ မြို့နယ်ဆရာဝန်ကြီးကိုယ်တိုင် လာပို့တာပါ။ လူနှစ်ရာလောက်လာကြိုကြတယ်” ဟု ပြောသည်။

ငမောက်ချောင်းတိုက်နယ်ဆေးရုံသို့ပြောင်းရွှေ့လာသည့် အဆိုပါ တွဲဖက်တိုက်နယ်ဆရာဝန် ဒေါက်တာ ဇေယျာထွန်းကလည်း ဒေသခံများက လိုလိုလားလားကြိုဆိုကြသဖြင့် ဝမ်းသာမိကြောင်း ပြောသည်။

“ကျွန်တော်ကတော့ တိုက်နယ်ဆေးရုံတစ်ခုပြန်ပြီးအသက်ဝင်လာမယ်ဆိုရင် ဝမ်းသာမိမှာပါ။ ဆေးရုံတစ်ခုမှာ ဆရာဝန်တစ်ခုတည်းရှိလို့လည်းမရပါဘူး။ ဆေးရုံသုံး ပစ္စည်းလည်းတွေလည်း ပြည့်စုံဖို့လိုပါတယ်။ ဒါပေမဲ့ ကျွန်တော်ဒီမှာရှိတဲ့အချိန်ကာလတစ်ခုအတွင်းမှာ ကိုယ်တတ်နို်င်သလောက် လုပ်ပေးခဲ့ချင်ပါတယ်” ဟု ပြောသည်။

အဆိုပါတိုက်နယ်ဆေးရုံဆေးရုံကို ၂ဝ၁၉ ခုနှစ်၊ မေလ ၂၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဆရာဝန်နှင့် သူနာပြု ၉ ဦးခန့်တာဝန်ထမ်းဆောင်ခဲ့ကြသည်ဟု သိရသည်။

ကိုဗစ်ဒုတိယလှိုင်းကာလအတွင်း အခြားဆေးရုံများသို့ အသီးသီးပြောင်းလဲတာဝန်ထမ်းဆောင်ရန် ပြောင်းရွှေ့သွားခဲ့ကြသည်ဟုလည်း သိရသည်။

https://www.facebook.com/narinjara.info/posts/4750920781586628

Leave a Reply

Your email address will not be published.