စစ်ဘေးရှောင်များ နေရပ်ပြန်ရေးတွင် စစ်ကောင်စီမှ ယခင်ထောက်ပံ့နှုန်းထက်လျော့၍ ပေးမည်

By Western News/ 2021 October 6

ရခိုင်မှ စစ်ဘေးရှောင်များနေရပ်ပြန်ရေးတွင် ပြည်နယ်စစ်ကောင်စီမှ ထောက်ပံ့မှုများပြုလုပ်ခဲ့ပြီး လက်ရှိနေရပ်ပြန်မည့်စစ်ဘေးရှောင်များအတွက် ထောက်ပံ့နှုန်းထားကို ယခင်ထက်လျော့၍ ပေးတော့မည်ဟု ပြည်နယ်စစ်ကောင်စီကပြောသည်။

နေရပ်ပြန်မည့်စစ်ရှောင်အိမ်ထောင်စုတစ်စုကို ယခင်ငွေ ၅ သိန်းနှင့် ဆန် တစ်လစာ ထောက်ပံ့ပေးခဲ့သော်လည်း ယခု၍ငွေကြေးအခက်ခဲများကြောင့် သင့်တင့်သောထောက်ပံ့နှုန်းလောက်သာပေးတော့မည်ဟု ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် ဥပဒေချုပ်ဦးလှသိန်းက Western News ကိုပြောသည်။

“စစ်ဘေးရှောင်တွေကို သွားလို့မရသေးတဲ့ မိုင်းမရှင်းရသေးတဲ့ နေရာတွေကလွဲရင်ပြန်လို့ရတဲ့နေရာတွေဆိုပြန်ဖို့ပြောထားတယ်။ ဒီကအတင်းလွှတ်တာမျိုးမဟုတ်ဘူး။ အိမ်ပြန်ဖို့ဆိုပြီး စာရင်းပေးထားတာတွေရှိတယ်။ ပြန်ဖို့ကိစ္စနဲ့ပတ်သက်ပြီး စစ်ဘေးရှောင်တွေကလည်း တက်တက်ကြွကြွမရှိကြဘူး။ အရင်တုန်းက အမ်း ဘက်ကမိသားစုတွေပြန်ကြတယ်။ အဲ့တုန်းကတော့ အိမ်ထောင်စုတစ်စုကို ငွေ ၅ သိန်း၊ ဆန် ၁ လစာပြီးတော့ သူတို့အသွားအပြန်စရိတ်တွေ ထောက်ပံ့ပေးတာပေါ့။ ခုတစ်ခေါက်ကတော့ ငွေကြေးအခက်ခဲတွေကြောင့် အဲလောက်တော့မပေးနိုင်တော့ဘူး။ လတ်တလောခုသာခံသာရှိအောင် သင့်တင့်တဲ့အတိုင်းအတာလောက်တော့ထောက်ပံ့မှာပါ” ဟုပြောသည်။

စစ်ဘေးရှောင်များနေရပ်ပြန်ရေးတွင် ပြည်နယ်ကောင်စီမှ ယခင်ထောက်ပံ့နှုန်းထက်လျော့၍သာ ထောက်ပံ့ပေးမည်ဟုပြောဆိုခဲ့သော်လည်း လက်ရှိနေရပ်ပြန်မည်သူများအား ငွေကြေးပမာဏ ဘယ်လောက်ထပ်ပံ့ပေးနိုင်မည်ဆိုသည်ကို အသေးစိတ် ပြောဆိုခြင်းမရှိပေ။

စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရန်မှာလည်း မိုင်းရှင်းလင်းပေးခြင်း၊ ရွာအနီးရှိတပ်နေရာများရွေ့ပေးခြင်းနှင့် ယာယီစားဝတ်နေရေးအဆင်ပြေစေရန်လုပ်ဆောင်ပေးခြင်းတို့လိုအပ်ကြောင်း ရခိုင်တိုင်ရင်းသာမျိုးနွယ်များ အစည်းအရုံး၏ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

“စစ်ဘေးရှောင်တွေနေရပ်ပြန်နိုင်ဖို့က နေရပ်ပြန်နိုင်တဲ့အခြေနေရှိဖို့လိုတာပေါ့။ ပြန်ဖို့ပြောရင်လည်း ပြန့်မလွယ်တဲ့အခြေနေမျိုးတွေရှိတယ်လေ။ ရွာအနားတပ်စွဲထားတာတွေရွေ့ဖို့လိုတာတွေ၊ မိုင်းတွေမရှင်းရသေးတာတွေ ပြီးတော့ သူတို့အတွက် ယာယီစားဝတ်နေရေးအဆင်ပြေစေဖို့ထောက်ပံ့ပေးတာတွေ အခြေခံအားဖြင့် အဲ့လောက်အခြေနေမျိုးရှိဖို့လိုအပ်တာပေါ့” ဟုပြောသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့ကြားဖြစ်ပွားခဲ့သည့် ၂ နှစ်ကျော်ကြာတိုက်ပွဲများကြားတွင် စစ်ဘေးရှောင်အရေအတွက် ၂ သိန်းကျော်အထိရှိခဲ့ပြီး တိုက်ပွဲများရပ်တန့်နေသည့် ၁ နှစ်ခန့်ကြားကာလတွင် စစ်ရှောင်အချို့နေရပ်ပြန်နိုင်ခဲ့ကာ လက်ရှိတွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေမှာ ၉၄၀၀၀ ကျော်ခန့် ကျန်နေသေးသည်။

https://www.facebook.com/westernnewsagency/posts/384090770064100

Leave a Reply

Your email address will not be published.