By Narinjara/ 2021 October 14
ချစ်အိလှိုင်၊ သဥ္စာနွယ်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင်ကျင်းပနေသည့် ဟိန္ဒူဘုရားပွဲကို ဒေသခံ လူပေါင်း ၅ ထောင်ကျော်လာရောက်လည်ပတ်နေကြသည်ဟု သတင်းရရှိသည်။
ဟိန္ဒူဘာသာဝင်များ၏ ဒူရ်ဂါပူဇာ (စိုင်းဒီးမယ်တော်)ပွဲကို စစ်တွေတွင် အောက်တိုဘာလ ၁ဝ ရက်မှ ၁၅ ရက် နေ့လယ် ၁၂ နာရီအထိ ကျင်းပနေခြင်းဖြစ်ပြီး ပွဲတော်ရက်များအတွင်း လူပေါင်း ၅ ထောင်ကျော်လာရောက်လည်ပတ်နေကြသည်ဟု စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်မှ ဆရီဆရီမိုဟာဒေဗ့်ဘာရီ(မဟာသီဝ)ဟိန္ဒူဘုရားရှိခိုးကျောင်းတော်ကြီးမှ အတွင်းရေးမှူး(ခေတ္တ) ဦးမောင်လှက နိရဥ္စရာအား ပြောသည်။
“ဒီပွဲကဘုရားလောင်းခေတ်ကတည်းက အရှင်ရာမကိုယ်တိုင် ဒီပွဲကို လုပ်ခဲ့တယ်။ မနှစ်က လော့ဒေါင်းတွေချထားရတော့ စည်စည်ကားကားမလုပ်ခဲ့ရဘူး။ ဒါပေမဲ့ ဒီနှစ်လူအများကြီးလာလည်ကြလို့ဝမ်းသာပါတယ်” ဟုပြောသည်။
အဆိုပါပွဲကို ယခင် ၂ဝ၂ဝ ပြည့်နှစ်က ကိုဗစ်ကြောင့် စည်ကားစွာ ကျင်းပနိုင်ခြင်းမရှိခဲ့ဟု သိရသည်။
ယခုနှစ်ကျင်းပနေသည့်အဆိုပါဘုရားပွဲ ၅ ရက်တာကာလအတွင်း နံနက်ပိုင်းတွင် ဘုရားရှိခိုးပူဇော်ပသကြပြီး မွန်းလွဲပိုင်းတွင် ဆွမ်းကပ်ခြင်းနှင့် ညနေပိုင်းတွင် ရိုးရာဝတ်စုံများဝတ်ဆင်ပြီး ဗုံ၊ ဆိုင်းဝိုင်းအတီးအမှုတ်များဖြင့် ကခုန်ကာ ပျော်ရွှင်စွာ ကျင်းပနေခြင်းဖြစ်သည်ဟု သိရသည်။
စစ်တွေမြို့မှ ဟိန္ဒူအမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်သန္တာမိုးက “ ဒီနေ့တွေမှာမှ မိုးမိုးတို့ ဟိန္ဒူအမျိုးသမီးတွေဟာ ဆာရီလေးတွေဝတ်ကြပြီး ပျော်ခွင့်ရတယ်။ သွားဖို့လာဖို့ အခွင့်အရေးလေးတစ်ခုရကြတဲ့ ပွဲလေးပါ။ ဒီပွဲကို ရခိုင်လည်းလာတယ်။ ဟိန္ဒူလည်းလာတယ်။ အကုန်လာတယ်ပေါ့နော်။ တခြားပွဲတွေကိုဆို ဒီဝတ်စုံနဲ့သွားရင် ကုလားမတွေလို့ အပြောခံကြရတယ်” ဟု ပြောသည်။
စစ်တွေမြို့တွင် မောလိပ်ရပ်ကွက်နှင့် ကျောင်းတက်လမ်းရပ်ကွက်တို့တွင် ဟိန္ဒူဘုရားကျောင်း တစ်ကျောင်းစီရှိပြီး အဆိုပါဘုရားကျောင်းနှစ်ကျောင်းစလုံးတွင် ဘုရားပွဲကို စည်ကားစွာကျင်းပနေကြခြင်းဖြစ်သည်။
ဟိန္ဒူဘာသာဝင်များရှိသည့် မောင်တောအပါအဝင် ရခိုင်ပြည်နယ်ရှိ အခြားမြို့နယ်အချို့တွင်လည်း ယခုဘုရားပွဲကို ကျင်းပလျက်ရှိသည်။
ရခိုင်ပြည်နယ်တွင် စစ်တွေ၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် ကျောက်ဖြူမြို့တို့တွင် ဟိန္ဒူဘာသာဝင် စုစုပေါင်း ၂ သောင်းခန့်ရှိသည်။
စစ်တွေမြို့နယ်တွင် လူဦးရေ ၃ ထောင်ခန့် နေထိုင်ကြပြီး အများစုမှာ ကျပန်းအလုပ်လုပ်ကိုင်ကြကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/4780526101959429