စစ်တွေတွင် မတူကွဲပြားခြင်းမှ မတူညီညွတ်မှုဆီသို့ ခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ခုပြုလုပ်

By Narinjara/ 2021 October 11

သဥ္ဇာနွယ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မတူကွဲပြားခြင်းမှ မတူညီညွတ်မှုဆီသို့ခေါင်းစဉ်ဖြင့် ဟောပြောပြိုင်ပွဲတစ်ခုကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါပြိုင်ပွဲကို စစ်တွေမြို့ ကမ်းနားလမ်းရှိ အာရီယာန်ခန်းမတွင် အောက်တိုဘာ ၁၀ ရက် နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီထိပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်တွင် ပဋိပက္ခဖြစ်ပွားမှုကြောင့် လူငယ်များအခွင့်အရေးဆုံးရှူံးခဲ့ရခြင်းနှင့်ပတ်သက်ပြီး လူငယ်များ၏အမြင်သဘောထားများကို သိလိုသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ပွဲစီစဉ်သည့် ညီညွတ်သောရခိုင်လူငယ်များအစည်းအရုံးမှ အစီအစဉ်မှူး ကိုသက်ဇင်က နိရဥ္စရာကို ပြောသည်။

“ကျနော်တို့က ငြိမ်းချမ်းရေးဆိုတဲ့အကျိုးရလဒ်ကို အများကြီးဖြန့်ကျက်နိုင်အောင်။ လူငယ်တွေရဲ့ပဋိပက္ခတွေကြား အခွင့်အရေးဆုံးရှူံးမှုတွေကို သူတို့ရဲ့အမြင်ကိုသိချင်တာပါ”ဟု ပြောသည်။

အဆိုပါပြိုင်ပွဲတွင် မတူကွဲပြားခြင်းမှ မတူညီညွတ်မှုဆီသို့ ခေါင်းစဉ်ဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီးသူများနှင့် တက္ကသိုလ်ကျောင်းသား/သူများ စုစုပေါင်း ၉ ဦးက တစ်ဦးလျှင် ၁၅ မိနစ်အတွင်း ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ပထမဆု ကျပ် ၁ သိန်းကို မပန်းအိထွန်း၊ ဒုတိယဆု ကျပ် ၇ သောင်းကို မချိုဌေး၊ တတိယဆု ကျပ် ၅ သောင်းကို မနှင်းနုပေါ်ထွန်း၊ အထူးဆု(၁) ကျပ် ၃ သောင်းကို မောင်ဘုန်းမြတ်မင်းနှင့် အထူးဆု(၂) ကျပ် ၃ သောင်းကို မအေးမြစန္ဒာတို့က အသီးသီးရရှိခဲ့သည်ဟု သိရသည်။

ပထမဆုရှင် မပန်းအိထွန်းက “သမီးတို့ရဲ့နေ့စဉ်ဘဝမှာ မတူကွဲပြားမှုဆိုတာက အမြဲတမ်းတွေ့နေရတဲ့ အကြောင်းအရာတစ်ခုဖြစ်တယ်။ ပြီးတော့ ဒီနှစ်ခေတ်မှာလည်း မတူကွဲပြားမှုဆိုတာကို အနည်းဆုံးလက်ခံပေးပြီးတော့ မတူညီညွတ်မှုဆီသို့ပြောင်းလဲရမယ်ဆိုတာကို မီးမောင်းထိုးပြနိုင်အောင်အတွက်ပါ”ဟု ပြောသည်။

အဆိုပါပြိုင်ပွဲကို ဆရာမများ၊ ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသောဧည့်သည်များ စုစုပေါင်း ၃၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4769882986357074

Leave a Reply

Your email address will not be published.