By Narinjara/ 2021 October 1
သဥ္ဇာနွယ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ခိုးမှု၊ လုယက်မှုနှင့် ဓားပြမှုများ များလာ၍ ရပ်ကွက်အချို့၌ ရပ်ကွက်သူ/သားများက မိမိတို့အစီအစဉ်ဖြင့် ကင်းစောင့်နေကြရသည်ဟု သတင်းရရှိသည်။
စစ်တွေတွင် ယခုနောက်ပိုင်း ခိုးမှု၊ လုယက်မှုများမှာ နေ့စဉ်နှင့်အမျှရှိလာနေသည့်အတွက် မြို့ခံများ၏ပစ္စည်းဥစ္စာများ ဆုံးရှုံးနေရသည့်အတွက် ရပ်ကွက်ရှိနေအိမ်များလုံခြုံရန် ယခုရက်ပိုင်းမှစတင်ကာ ညကင်းများစောင့်နေကြရသည်ဟု မြို့ခံများက ပြောသည်။
“ခိုးဆိုးမူတွေ တအားများလာတယ်။ နေ့တိုင်းနီးပါးလိုလိုပဲ။ မြောင်းတွေပေါ်မှာ ဖုံးတဲ့အဖုံးတွေကအစ ခိုးကြတယ်။ ဒါကြောင့် ကိုယ့်ရပ်ကွက်လုံခြုံအောင် ကင်းစောင့်ရတာဖြစ်ပါတယ်”ဟု ကျောင်းကြီးလမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းယဉ်က နိရဥ္စရာကို ပြောသည်။
ကျောင်းကြီးလမ်းရပ်ကွက်တွင် ယခုကဲ့သို့ ညကင်းစောင့်ကြစဉ် စက်တင်ဘာ ၃ဝ ရက် ညဥ့် ၂ နာရီခန့်က ရပ်ကွက်တွင်းရှိ စစ်တွေကောလိပ်ဟောင်းမှ ပျဉ်ချပ်အပိုင်းအစများခိုးယူသူနှစ်ဦးကို ဝိုင်းဝန်းဖမ်းဆီးလိုက်နိုင်ခဲ့သည်ဟု ဦးထွန်းယဉ်က ဆက်ပြောသည်။
“ကျနော်တို့ရပ်ကွက်ကကင်းစောင့်နေတုန်း ဖမ်းမိတာပါ။ သူတို့က ကျောင်းဟောင်းကြီးရဲ့ အောင်ထွန်းဦးလမ်းကနေ ခြံစည်းရိုးကျော်တက်ပြီး ဆိုက္ကားတွေနဲ့သစ်ကိုထုတ်တာ။ လမ်းမှာဖမ်းမိတာ”ဟု ပြောသည်။
ဖမ်းမိခဲ့သူများမှာ စစ်တွေမြို့နယ် လသာကျေးရွာမှ ကိုဒေါ်ယာ(၃၀ နှစ်)နှင့် ကိုကာလာယာ(၂၀ နှစ်)တို့ဖြစ်ပြီး သူတို့ကို မြို့မရဲစခန်းသို့ အပ်နှံလိုက်သည်ဟု သိရသည်။
စစ်တွေရှိ ကျောင်းကြီးလမ်းရပ်ကွက်အပါအဝင် ပြည်တော်သာရပ်ကွက်တွင်လည်း ရပ်ကွက်သူ၊ ရပ်ကွက်သားများက ညကင်းစောင့်၍ အိပ်နေရသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်က ပြောသည်။
“ကျနော်တို့ရပ်ကွက်လုံခြုံရေးအတွက် ကင်းစောင့်တဲ့သဘောမဟုတ်ပေမဲ့ ရပ်ကွက်ထဲကလူတွေ တတ်နိုင်သလောက် စောင့်ပေးကြပါတယ်”ဟုပြောသည်။
အချို့ရပ်ကွက်များတွင်လည်း ရပ်ကွက်အတွင်း ညကင်းစောင့်ကြရန် စီစဉ်နေသည်ဟု သိရသည်။
ဘောလုံးကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးဦးကျော်မြက “ကင်းချဖို့တော့စီစဉ်နေပါတယ်။ ရပ်ကွက်မှာ ခဏခဏခိုးမှုတွေဖြစ်တယ်”ဟု ပြောသည်။
စစ်တွေတွင် ညဉ့်အချိန်တွင်သာမက နေ့ခင်းကြောင်တောင်လည်း နေအိမ်များ၊ စျေးဆိုင်များတွင် အလစ်သုတ်ခိုးယူခံရမှုများရှိနေသည်ဟု နစ်နာသူများက ပြောသည်။
စစ်တွေမြို့ ရိုးမဘဏ်အနီး လမ်းမကြီးရှိ ဘီလီယံအထည်ဆိုင််တွင် စက်တင်ဘာ ၂၇ ရက် နေ့လယ် ၂ နာရီခန့်၌ အထည်ဝယ်မည့်အသွင်ဖြင့်လာရောက်ခဲ့သူတစ်ဦးက ဆိုင်တွင်းမှ ဖုန်းတစ်လုံးကို နေ့ခင်းကြောင်တောင် ခိုးယူသွားခဲ့ကြောင်း ဆိုင်ပိုင်ရှင် ကိုရဲကျော်ပိုင်က နိရဥ္စရာကို ပြောသည်။
“ပုံစံကတော့ ဝန်ထမ်းလိုလိုသပ်သပ်ရပ်ရပ်ပါပဲ။ သက်ဆိုင်ရာတွေက ထိန်းချုပ်မှုအားနည်းလို့ ကျနော်တို့စစ်တွေ လုံခြုံမှုမရှိဘူးလို့ခံစားရတယ်။ တိုင်ကြားရင်လည်းမရဘူး။ ဖမ်းထားတဲ့သူတွေဆိုရင် ၂ ရက်လောက်နေရင် ပြန်လွတ်လာတယ်”ဟု ပြောသည်။
ယင်းအပြင် စစ်တွေတွင် ဓားပြမှုများလည်း မကြာခဏဖြစ်ပွားနေသည်ဟု သိရသည်။
ယခုလ စက်တင်ဘာ ၇ ရက် ညဉ့် ၁ နာရီခန့်က စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ နေအိမ်တစ်ခုသို့ သေနတ်များကိုင်ဆောင်ထားသည့် အမျိုးသား(၅)ဦးက ဓားပြတိုက်မှုဖြစ်ပွားခဲ့သည်။
ယင်းသို့ဓားပြတိုက်ခံရ၍ ဆွဲကြိုး(၄)ကုံး၊ နားကပ်အရံ (၂၁)စုံနှင့် လက်စွပ် (၈)ကွင်း၊ စုစုပေါင်း ရွှေ (၇)ကျပ်ခွဲနှင့် ငွေကျပ်သိန်း (၅ဝ)လည်း ဆုံးရှုံးသွားကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဧပြီလ ၇ ရက် နေ့လယ် ၁ နာရီကလည်း စစ်တွေမြို့ မင်းဂံရပ်ကွက် (၃)ရှိ “နယူးစတိုင်” ရွှေဆိုင်ကိုလည်း ဆိုင်ကယ်စီးလာသည့် အသက် ၃၀ ကျော်အရွယ်တစ်ဦးနှင့် အသက် ၅၀ ကျော်အရွယ်တစ်ဦးတို့က သေနတ်ဖြင့် နေ့ခင်းကြောင်တောင်ဓားပြတိုက်ရာ အော်ဟစ်အကူအညီတောင်း၍ ထွက်ပြေးသွားကြကြောင်း သိရသည်။
စစ်တွေမြို့မစျေးကြီးတွင်လည်း စက်တင်ဘာလအတွင်းက စျေးဝယ်ယူသူအမျိုးသမီးတစ်ဦး၏ဆွဲကြိုးကို နေ့ခင်းကြောင်တောင်လုယူထွက်ပြေးသူတစ်ဦးကို စျေးသူ၊ စျေးသားများက ဝိုင်းဝန်းဖမ်းဆီးလိုက်နိုင်သည်ဟု သိရသည်။
စစ်တွေတွင် ယခုကဲ့သို့ ခိုးမှု၊ လုယက်မှုနှင့် ဓားပြမှုများတိုးပွားလာမှုအပေါ် မည်ကဲ့သို့ ထိန်းချုပ်ဖြေရှင်းဆောင်ရွက်ပေးမည်ကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်လွင်အားဆက်သွယ်မေးမြန်းရာ လုံခြုံရေး ရဲတပ်ဖွဲ့များကိုသာဆက်သွယ်ပါဟု ပြောသည်။
ဆက်လက်ပြီး စစ်တွေမြို့နယ်ရဲတပ်ဖွဲ့သို့ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။
မြို့နယ်ရဲတပ်ဖွဲ့က မြို့ပေါ်ရပ်ကွက်အချို့တို့တွင် နေ့/ည လှည့်ကင်းများ လှည့်လည်ကြမှုများရှိနေသော်လည်း ယခုဖြစ်စဉ်များ နေ့စဉ်နီးပါး ပေါ်ပေါက်လျက်ရှိနေမှုအပေါ် မြို့ခံများက ဝေဖန်နေကြသည်။
https://www.facebook.com/narinjara.info/posts/4739290492749657