By Narinjara/ 2021 October 1
သဥ္ဇာနွယ်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေကောလိပ်ဟောင်း(လက်ရှိ အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း)မှ ပျဉ်ချပ်အပိုင်းအစများကို ခိုးယူသောသူများအား ရပ်ကွက်သူ၊ ရပ်ကွက်သားများက ဝိုင်းဝန်းဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖမ်းမိခဲ့သူများမှာ စစ်တွေမြို့နယ် လသာကျေးရွာမှ ကိုဒေါ်ယာ(၃၀ နှစ်)နှင့် ကိုကာလာယာ(၂၀ နှစ်)တို့ဖြစ်ပြီး စက်တင်ဘာ ၃ဝ ရက် ညဥ့် ၂ နာရီခန့်က ရပ်ကွက်သားများ ညကင်းစောင့်နေကြစဉ် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ကျောင်းကြီးလမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းယဉ်က နိရဥ္စရာကို ပြောသည်။
“ကျနော်တို့ရပ်ကွက်က ကင်းစောင့်နေတုန်း ဖမ်းမိတာပါ။ သူတို့က ကျောင်းဟောင်းကြီးရဲ့ အောင်ထွန်းဦးလမ်းကနေ ခြံစည်းရိုးကျော်တက်ပြီး ဆိုက္ကားတွေနဲ့ သစ်ကိုထုတ်တာ။ လမ်းမှာဖမ်းမိတာ”ဟု ပြောသည်။
ဖမ်းဆီးမိသူနှစ်ဦးအား စစ်တွေမြို့ အမှတ် (၁)ရဲစခန်းသို့ လွှဲပြောင်းပေးအပ်လိုက်သည်ဟုလည်း သိရသည်။
အဆိုပါ ကောလိပ်ကျောင်းဟောင်းကို ကြည့်ရှူစောက်ရှောက်မည့်သူမရှိသောကြောင့် ခိုးမှုများမကြာခဏ ဖြစ်ပွားနေသည်ဟု ဦးထွန်းယဉ်ကပြောသည်။
“ဒီကျောင်းဟောင်းကြီးကို ထိန်းသိမ်းစောက်ရှောက်မဲ့သူမရှိဘူး။ ဒါကြောင့် ဒီကျောင်းထဲမှာ ခဏခဏခိုးယူမှုတွေဖြစ်နေတာ။ အမှန်က သမိုင်းဝင် ကျောင်းဖြစ်တဲ့အတွက် အစောင့်အရှောက်တွေ ထားသင့်ပါတယ်”ဟု ပြောသည်။
စစ်တွေကောလိပ်ကျောင်းဟောင်းမှ ပျဉ်ချပ်ခိုးယူခဲ့သူများကို ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၄ ရက်ကလည်း စစ်တွေကောလိပ်ကျောင်းဟောင်းမှ ပျဉ်ချပ် ၅၉ ချပ်ခိုးယူမှုတစ်ခုဖြစ်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် ခိုးယူသူများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/4739369462741760