By Western News/ 2021 October 1
စက်သုံးဆီများ ဈေးနှုန်းအဆမတန် မြင့်တက်နေသောကြောင့် ရခိုင်ပြည်တွင်းပြေးဆွဲနေသည့်ကားများ ကားခ ၂ ဆနီးပါး တိုးမြင့်ကောက်ခံနေရပြီး တချို့ကားများရပ်နားထားရသည်အထိဖြစ်လာသည်ဟု ကားပြေးဆွဲနေသူများကပြောသည်။
စက်သုံးဆီ ဈေးနှုန်းမြင့်တက်လာသလို ကားစီးသည့် ခရီးသည်ဦးရေကျဆင်းလာသောကြောင့် ကားဈေးနှုန်းများအား ပုံမှန်ဈေးနှုန်းထက် နှစ်ဆနီးပါး တိုးမြှင့်ကောက်ခံနေရသည်ဟု စစ်တွေမှ မြောက်ဦးသို့ ပြေးဆွဲနေသည့် ကိုထွန်းမင်းစိုးက Western News ကိုပြောသည်။
“ကားခတွေကတော့ လက်ရှိမှာ ဆီဈေးနှုန်းတွေ အဆမတန်မြင့်တက်နေလို့ နှစ်ဆနီးပါး တိုးမြှင့်ကောက်ခံ နေရပါတယ်။ ပုံမှန်ဆိုရင် ကျွန်တော်တို့ စစ်တွေ-မြောက်ဦးကို ရှစ်ထောင်၊ တစ်သောင်းကောက်ခံနေရာကနေ အခု တစ်သောင်းနှစ်ထောင် တစ်သောင်းခွဲအထိကောက်ခံနေရတယ်။ ပုံမှန်သတ်မှတ်ချက်တော့ မရှိသေးဘူး”ဟုပြောသည်။
လက်ရှိတွင် ဆီဈေးမြင့်တက်မှုကြောင့် ခရီးစဉ်များရပ်တန့်ထားရသည့် ကားများရှိနေသလို တချို့ကားများမှာ ဂိတ်ထိုးနေကြသော်လည်း ခရီးသည်မရသဖြင့် ပြေးဆွဲနိုင်ခြင်းမရှိသည့် ကားများလည်းရှိသည်ဟု ၎င်းကဆက်ပြောသည်။
စက်သုံးဆီ ဈေးမြှင့်တက်လာသောကြောင့် ကားများရပ်တန့်ထားရပြီး ဈေနှုန်းများကိုလည်း တိုးမြှင့်ကောက်နေရသလို ခရီးသည်လိုက်ပါမှုနည်းလာသောကြောင့် ကားသမားများ၏ စားဝတ်နေရေး ခက်ခဲလာသည်ဟု အမ်းမြို့ မျိုးချစ်သူဂိတ်မှ ဂိတ်မှူးဦးဇော်မင်းက Western News ကိုပြောသည်။
“စက်သုံးဆီတွေ မတရားမြှင့်တက်လာတကြောင့် ကျွန်တော်တို့ မျိုးချစ်သူ ဂိတ်မှာတော့ ကားသုံးစီးလောက်ရပ်တန့်ထားရတယ်။ ဆီဈေးနှုန်းမြင့်တက်လာသလို ခရီးသည်လိုက်ပါမှုလည်း နည်းလာတယ်။ အရင်က ဆိုရင်ကျွန်တော်တို့ အမ်း-ကျောက်ဖြူ အသွားအပြန် ဆီဖိုး ၃၀၀၀၀ ကျပ်ဆိုရင် အဆင်ပြေတယ်။ အခုက ၆၀၀၀၀ ဖိုးလောက်ဖြည့်ပြီးမှ အသွားအပြန်ဆီလောက်တယ်။ ကားပြေးဆွဲမှုတွေ ရပ်တန့်မှုတွေရှိလာတယ်။ ကားသမားတွေရဲ့ စားဝတ်နေရေး ခက်ခဲမှုတွေရှိလာသည်ဟု “ပြောသည်။
အမ်းနှင့် မင်းပြားခရီးစဥ်ကို ယခင် ၁ သောင်းကျပ်ရှိရာကနေ အခု ၂ သောင်းကျပ်အထိ တိုးမြှင့်ကောက်ခံရနရပြီး အလားတူ စစ်တွေမှ ပုဏ္ဏားကျွန်းကို ယခင်က ၃ ထောင်ကျပ်ရှိရာမှ ယခု ၅ ထောင်ကျပ်အထိ ရှိလာနေကြောင်း ကားသမားများကပြောသည်။
စက်သုံးဆီ ဈေးနှုန်းမြင့်တက်မှုကြောင့် ကားဈေးနှုန်းများမြင့်တက်မှုကိုလက်ခံသော်လည်း ခရီးသည်များအတွက်လည်း သွားလာတွင်ခက်ခဲ့လာပြီး ကိုဗစ်ကာလတွင် ဝင်ငွေလျော့နည်းမှုများကြောင့် ခရီးစဉ်များအား လျော့ချလာရသည်ဟု ကျောက်တော်မြို့မှ ခရီးသည်တစ်ဦးဖြစ်သည့် ကိုအေးစိုးက Western News ကိုပြောသည်။
“စက်သုံးဆီ ဈေးနှုန်းက မြင့်တက်နေလို့ ကားဈေးနှုန်းတွေတိုးမြှင့်ကောက်ခံတာကိုတော့ လက်ခံပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ခရီးသည်တွေမှာလည်း ကားဈေးနှုန်းတွေမြင့်တက်လာတာကြောင့် အရင်လိုသွားလာ အခက်တွေဖြစ်လာတယ်။ ပုံမှန်ဆိုရင် စစ်တွေ-ကျောက်တော်က ကားခတွေ ၈၀၀၀ကျပ်ကနေ့ အခု ၁၂၀၀၀ကျပ်ဖြစ်လာတယ်။ ကိုဗစ်ကာလမှာ ဝင်ငွေတွေလျော့နည်းလာတာကြောင့်အရင်လိုမသွားလာနိုင်တော့ဘဲ နှစ်ခါသွားမယ့်ခရီးစဉ်တွေကို တစ်ခါနဲ့ အပြီးသွားနေရတယ်”ဟုပြောသည်။
ယနေ့ အောက်တိုဘာ နေ့တွင် စစ်တွေမြို့ရှိဆီဆိုင်များတွင် ဒီဇယ် ၁လီတာ ၁၈၀၀ ကျပ်၊ ပရီမီယံ ၁ လီတာ ၁၈၀၀ ကျပ်၊ အောက်တိန်း ၉၅ ၁လီတာ ၁၈၅၀ ကျပ်နှင့် အောက်တိန်း ၉၂ တစ်လီတာ ၁၈၀၀ ကျပ်ဖြင့် ရောင်းချနေကြသည်။
https://www.facebook.com/westernnewsagency/posts/381248217015022