စက်သုံးဆီစျေးများမြင့်တက်နေမှုကြောင့် ရခိုင်ရှိ ပရဟိတအဖွဲ့အစည်းများလည်း အခက်အခဲဖြစ်နေ

By Narinjara/ 2021 October 4

နှင်းနွယ်နီ

ဆီစျေးများမြင့်တက်နေမှုကြောင့် ရခိုင်ရှိ ပရဟိပြုလုပ်နေသည့် လူမှုအဖွဲ့အစည်းများလည်း အခက်အခဲဖြစ်နေကြကြောင်း သိရသည်။

ရခိုင်တွင် စက်သုံးဆီစျေးနှုန်းများစံချိန်တင်မြင့်တက်လာနေသည့်အတွက် အရေးပေါ်လူနာတင်ယာဉ်များတွင် ဆီထည့်ရန်ပင်အခက်အခဲဖြစ်နေရကြောင်း ပရဟိတပြုလုပ်နေသည့် လူမှုရေးအဖွဲ့အစည်းများက နိရဥ္စရာသတင်းဌာနသို့ပြောကြသည်။

ဆီစျေးတက်နေသည့်အတွက် စစ်တွေမြို့ရှိ ပရဟိတလုပ်ငန်းများလုပ်ကိုင်နေသည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းတွင်လည်း ကားများတွင် ဆီမထည့်နိုင်ဖြစ်နေ၍ ကား ၁ဝ စီးအနက် ၃ စီးသာ အလုပ်လုပ်နိုင်တော့ကြောင်း အဆိုပါဖောင်ဒေးရှင်းဥက္ကဋ္ဌ ကိုမင်းထည်ဝါက ပြောသည်။

“ဆီစျေးက အရင်တုန်းက ၃ သောင်းဖိုးထည့်ရင် အဆင်ပြေတယ်။ အခုဆိုလို့ရှိရင် ၈ သောင်း၊ ၉ သောင်းဖိုးလောက် ထည့်ရတဲ့အခါကျတော့ ကျနော်တို့အတွက် အဆင်မပြေဘူးပေါ့နော်။ တစ်လဆိုရင် ဆီထည့်ရတာ သိန်း ၃၀ နီးပါးတောင်ကပ်တယ်။” ဟုပြောသည်။

အဆိုပါလူမှုအသင်းအဖွဲ့အစည်းများသည် လူနာများကို ဆေးရုံမှ အိမ်၊ အိမ်မှ ဆေးရုံသို့ ပို့ဆောင်ပေးခြင်း၊ မိမိတို့ ဒေသဆေးရုံမှ ပြည်မဆေးရုံများသို့ ပို့ဆောင်ပေးခြင်း၊ ပြည်မဆေးရုံများတွင် အဆင်မပြေသောသူများကို နေရပ်ဒေသသို့ ပို့ဆောင်ပေးခြင်း၊ အရေးပေါ်လူနာများအား ဆေးရုံသို့ပို့ဆောင်ပေးခြင်း၊ မြွေဖမ်းခြင်းမှအစ မော်တော်ယာဉ်များဖြင့်သွားရောက် လုပ်ဆောင်ပေးနေရသော အဖွဲ့အစည်းများဖြစ်ကြောင်း သိရသည်။

မြောက်ဦးမြို့က ကရုဏာလှိုင်းသွေးလှူရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဌေးကလည်း “ပြင်ပက အလှူရှင်တွေကလည်း အခုလှူတာက နည်းနေတော့ အသင်းကပဲ အိတ်စိုက်လုပ်နေရတာပေါ့။ ကုန်စျေးနှုန်းတွေကြီးတယ်၊ ပစ္စည်းစျေးနှုန်းတွေကလည်း တက်တော့ အပြင်ကအလှူရှင်တွေကလည်း ပါးတယ်။ ဒီလိုအလှူမရှိတဲ့အတွက် တော်တော်လေးကို ခက်ခဲကုန်တာပေါ့။ ဆီဖိုးက ဆီဆိုင်မှာ တစ်လမှာ ၁၃ သိန်း၊ ၁၄ သိန်းလောက်ရှင်းရတယ်။ အသင်းကတော့ မလွယ်ပါဘူး။” ဟုပြောသည်။

၎င်းအပြင် ကျောက်ဖြူမြ်ို့မှ ပရဟိတလူမှုရေးလုပ်ငန်းများလုုပ်ငန်းများလုပ်ကိုင်နေသည့် လေးဝတီကုလရက္ခိတအသင်းဥက္ကဋ္ဌ ကိုဂျပန်ကြီးကလည်း စက်သုံးဆီစျေးမြင့်တက်နေ၍ လမ်းကြောင်းတစ်ကြောင်းသွားလျှင် ယခင်ကထက် ၂ ဆပိုကုန်ကျနေသည့်အတွက် အခက်အခဲများစွာဖြစ်နေသည်ဟု ပြောသည်။

“လက်ရှိအချိန်မှုာ ဆီစျေးတွေက တက်နေတော့ လူနာလမ်းကြောင်းပို့တဲ့အခါမှာ အခက်အခဲဖြစ်ပါတယ်။ လူနာတွေရဲ့လမ်းကြောင်း အကွာအဝေးပေါ်မူတည်ပြီးတော့မှ ကျနော်တို့အတွက် အခက်အခဲအများကြီးဖြစ်သွားပါတယ်။” ဟုပြောသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်စက်တင်ဘာလမှစတင်ကာ စက်သုံးဆီစျေးနှုန်းများအဆမတန်မြင့်မားလာနေခြင်းဖြစ်ပြီး စက်သုံးဆီများပြတ်တောက်မည်ကိုပင် စိုးရိမ်နေရသည်ဟု ရခိုင်ပြည်နယ်ဆီလုပ်ငန်းရှင်များအသင်းက နိရဥ္စရာကိုပြောဆိုထားသည်။

https://www.facebook.com/narinjara.info/posts/4748901575121882

Leave a Reply

Your email address will not be published.