ငရဲခန်းက လွတ်မြောက်လာသူ

By Western News/ 2021 October 5

(သတင်းဆောင်းပါး)

“ရေဘူးကတော့ အပိတ်မပါတော့ဘူး။ ကျနော် မျက်လုံးဖွင့်ကြည့်လိုက်တော့ မြင်ရတယ်။ အိမ်သာဖက်ကိုသွားပြီး အိမ်သာက ခပ်လာတာ ကျနော်တို့ကို တိုက်တဲ့ရေက”

ဒါကတော့ ဖမ်းဆီးခံရပြီးနောက် ကျောက်တော်တပ်နယ်၊ တပ်ရင်းတစ်ခုက စစ်ကြောရေးထဲမှာ ကိုသန်းထွန်းမောင်တို့ ၄ ဦးစလုံး နဖူးတွေ့ဒူးတွေ့ကြုံတွေ့ခဲ့ရတာပါ။

#ဖမ်းဆီးခံရခြင်း

ကိုသန်းထွန်းမောင်တို့နေထိုင်တဲ့ မာလာကျေးရွာအနီးက တောင်ရှည်တောင်အနီးမှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ဟာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းကတည်းက စတင်တိုက်ပွဲဖြစ်ပွားခဲ့ပေမယ့် ကိုသန်းထွန်းမောင်တို့မိသားစုဟာ မာလာကျေးရွာထဲမှာပဲ ဗုံးသံ၊ အမြောက်သံ၊ လက်နက်သံတွေကို ရှောင်လွှားရင်းနေထိုင်ခဲ့ကြပါတယ်။

ရွာမှာနေရင်းထိုင်ရင်းနဲ့ ၂၀၂၀ ခုနှစ်၊ မတ်လ ဆန်းလောက်မှာ မြန်မာစစ်သားတချို့ဟာ မာလာကျေးရွာထဲကို ဝင်ရောက်လာပြီး ကျေးရွာသားတွေကိုနှိပ်စက်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုနဲ့ နှိပ်စက်မှုတွေကို မခံနိုင်တော့တဲ့အဆုံး ကျောက်တော်မြို့ မဟာကန်ကြီးရှင်စစ်ရှောင်စခန်းကို ကိုသန်းထွန်းမောင်တို့ မိသားစုအပါအဝင် ကျေးရွာသားတွေဟာ မိမိတို့ရဲ့နေအိမ်တွေကနေ ထွက်ပြေးလာခဲ့ရတာပါ။

စစ်ရှောင်စခန်းမှာနေထိုင်ရင်း ကိုသန်းထွန်းမောင်ဟာ ဖခင်ဖြစ်သူ ဦးမဲတုတ်ချေအပါအဝင် အဒေါ်တော်စပ်သူ ဒေါ်မချေနဲ့ ဦးသန်းရွှေမောင်တို့ ၄ ဦးတို့ဟာ ၂၀၂၀ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှာ ရွာမှာကျန်ရစ်ခဲ့တဲ့ မိမိတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို စက်လှေနဲ့ သယ်ယူဖို့သွားရင်းပစ္စည်းတွေကိုရှာမတွေ့တော့တဲ့နောက် အပြန်မှာ ရွာနဲ့တစ်မိုင်ခန့်ဝေးတဲ့ မျောက်တောင်ဖက်က တက်လာတဲ့ မြန်မာစစ်တပ် တပ်မ ၅၅ ရဲ့ တပ်ခွဲ ၁ နဲ့ ကုလားတန်မြစ်မှာ ထိပ်တိုက်တွေ့ပါတော့တယ်။

“ကျနော်တို့ အိမ်ကိုသွားကြည့်တယ်။ အိမ်မှာဘာမှ မရှိတော့ဘူး။ အဝတ်အစားတွေလည်းမရှိတော့ဘူး။ ဒီလိုနဲ့ ကျနော်တို့ ပြန်လာကြတယ်။ ပြန်လာတဲ့အခါ စစ်ကြောင်းကရောက်လာတယ်။ တပ်မ ၅၅ ရဲ့ တပ်ခွဲ ၁ ပေါ့။ ကျနော်တို့က သူတို့ကို မမြင်ဘူး။ သူတို့က ကျနော်တို့ကိုမြင်တယ်။ ဒီလိုနဲ့ ကျနော်တို့ကို တရစပ်လှမ်းပစ်တာပဲ။ ပစ်တော့ ကျနော်တို့ ချောင်းထဲကို ခုန်ဆင်းကြတယ်”လို့ ကိုသန်းထွန်းမောင်က ပြောပြပါတယ်။

ပစ်ခတ်မှုတွေတရစပ်ထွက်ပေါ်လာတဲ့နောက် ကိုသန်းထွန်းမောင်ဟာ လှေနံကိုကိုင်းရင်း မြန်မာစစ်တပ်ရဲ့ပစ်ခတ်မှုတွေကို ရှောင်ခဲ့ပေမဲ့ ရှောင်မရတဲ့အဆုံး စက်လှေကို တက်မောင်းဖို့ကြိုးစားတဲ့အချိန်မှာပဲ ညာဖက်လက်မောင်းဂျိုင်းအောက်ကို ကျည်ထိမှန်ခဲ့ပါတယ်။ ကိုသန်းရွှေမောင်မှာလည်း လက်ကောက်ဝတ်ကို ကျည်ထိမှန်ခဲ့ပြီး အဲ့ဒီနေရာမှာပဲ ၄ ဦးစလုံးဟာ မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

#ငရဲခန်းထဲမှာ ၅ ရက်ကြာ

မြန်မာစစ်တပ် တပ်မ ၅၅ တပ်ခွဲ ၁ က ဖမ်းဆီးခဲ့ပြီးနောက် သူတို့ ၄ ဦးရဲ့ မျက်နှာတွေကို အဝတ်စနဲ့ပိတ်ပြီး မျောက်တောင် ထက်ကိုခေါ်သွားတယ်လို့ဆိုပါတယ်။ အဲဒီတောင်ပေါ်မှာ တစ်ညအိပ်ပြီးတော့ နောက်တစ်နေ့မှာ ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာအတွင်းမှာရှိနေတဲ့ တပ်မ ၅၅ ရဲ့ တပ်ခွဲ ၂ သို့ပို့ဆောင်ခဲ့တယ်လို့ သူက ပြောပြပါတယ်။

“စဖမ်းတဲ့နေ့မှာတော့ တစ်ညလုံးရိုက်ကြတယ်။ ဝါးလုံးတွေ၊ တုတ်တွေနဲ့။ ပြီးတော့ ကျနော်တို့ကို တပ်ခွဲ ၂ ကို ပို့မယ်လို့ ပြောတယ်။ မနက်မိုးလင်းလို့ ၁၁ နာရီလောက်မှာ ကျနော်တို့ကို သာစည်ကျေးရွာကဖြတ်ပြီးတော့ ရွှေပြည်ရွာကိုပို့တယ်။ ၄ ယောက်လုံးကို လက်နောက်ပြန်ကြိုးချည်ထားတယ်။ ကျနော်က ဒဏ်ရာကြီးနဲ့ အထုတ်လည်းထမ်းရတယ်”လို့ သူက ဆိုပါတယ်။

ရွှေပြည်ကျေးရွာဘုန်းကြီးကျောင်းကနေ ကိုသန်းထွန်းမောင်တို့ ၄ ဦးဟာ တပ်မ ၅၅ ရဲ့ တပ်ခွဲ ၃ ရှိတဲ့ ခေါင်းလောင်းကျေးရွာ ကိုထပ်မံပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ အဲ့ဒီကနေတဆင့် စစ်တပ်ကားနဲ့ ကျောက်တော်တပ်နယ်ထဲက စစ်ကြောရေးကို ပို့ဆောင်ခဲ့ပြီး ဖမ်းဆီးပြီး ၃ ရက်ကြာမှ ကျောက်တော်တပ်နယ်ထဲကိုရောက်ရှိလာကြတာပါ။

“ကျနော့်ကို ဆေးလဲမတင်ပေးဘူး။ ဖမ်းလို့ သုံးရက်မြောက်နေ့ထိ ကျနော်တို့ကို ဆေးမကုပေးဘူး။ ကျောက်တော်တပ်နယ်ကိုရောက်တဲ့အချိန်ထိပေ့ါ။ ဘယ်တပ်ထဲကိုပို့လဲဆိုတာတော့ ကျနော်မသိဘူး။ တပ်မထဲရောက်တော့ စစ်သားတွေက ကျနော်တို့ကိုရိုက်ကြတယ်။ ၁၅ မိနစ်လောက်မှာ တစ်ဖွဲ့ကျစီပေါ့။ အဲဒီထဲမှာ ကင်းမှူးဆိုတဲ့လူက အရိုက်ဆုံးပဲ။ ကျနော်တို့ လေးယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ၃ ရက်လောက်စကားမပြောနိုင်ခဲ့ကြဘူး။ တကယ့် ငရဲခန်းပါပဲ”လို့ စစ်ကြောရေးထဲက အခြေအနေကို သူ ဆက်ပြောပြပါတယ်။

ဒါ့အပြင် ကိုသန်းထွန်းမောင်တို့ဟာ စစ်ကြောရေးထဲမှာ နှစ်ရက်တစ်ကြိမ်၊ သုံးရက်တစ်ကြိမ်သာ ထမင်းစားခဲ့ရပြီး ထမင်းတစ်ခါကျွေးရင် ကြောင်တစ်ကောင်ကိုကျွေးတာလောက်သာပါတယ်လို့ ဆိုပါတယ်။ ပြီးတော့ သူတို့ ၄ ယောက်ကို ရေတစ်ဘူးက ရေတဝက်သာတိုက်ပြီး ကျန်တဝက်ကို ချန်ခိုင်းထားတယ်လို့လည်း သူကပြောပါတယ်။

ဒီလိုနဲ့မတ်လ ၂၈ ရက်မှာနေ့တော့ ဖမ်းဆီးခံရသူတွေထဲက ကိုသန်းရွှေမောင်ဟာ စစ်ကြောရေးထဲမှာအရိုက်ခံရတဲ့ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပါတယ်။

အဲဒီနောက် သေဆုံးသွားတဲ့ ကိုသန်းရွှေမောင်ရဲ့အလောင်းကို ကျောက်တော်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ကိုသန်းထွန်းမောင်တို့ ၃ ယောက်ကိုတော့ ကျောက်တော်ရဲစခန်းသို့ ပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်။

#စစ်တပ်ရဲ့ထုတ်ပြန်ချက်

မြန်မာစစ်တပ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ ၂၀၂၀ ခုနှစ်၊ မတ်လ ၂၂ ရက်က ကုလားတန် မြစ်ကြောင်းအတိုင်း မာလာကျေးရွာဖက်မှ ဒတ်ဖြူကျေးရွာဖက်သို့ခုတ်မောင်းချီတက်လာတဲ့ ကိုသန်းထွန်းမောင်အပါအဝင် ၄ ဦး စီးနင်းလိုက်ပါလာတဲ့စက်လှေကို မြန်မာစစ်တပ်က ရပ်တန့်ရန်တားဆီးပေမယ့် မရပ်တန့်ဘဲဆက်လက်ထွက်ခွာ သွားတာကြောင့် လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ရပြီး တင်းမကျေးရွာရဲ့ မီတာ ၅၀၀ အကွာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သူတို့ ၄ ဦးဟာ မာလာ(ရခိုင်ကျေးရွာ)နဲ့ မာလာ(မြို)ကျေးရွာအပြင် ဒတ်ဖြူကျေးရွာတွေမှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလနဲ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွေမှာ ကျေးရွာသားတွေကို AA အဖွဲ့ထံ ဆပ်ကြေးပေးဖို့ လှုံ့ဆော်ခဲ့ကြပြီး AA အဖွဲ့ထံသို့ ရိက္ခာသွားပို့စဉ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

သူတို့ ၄ ဦးနှင့်အတူ မသင်္ကာဖွယ် အရက် ၅ ဂါလံဆံ့ ၁၃ ပုံး၊ ဒီဇယ် ၅ ဂါလံဆံ့ ၁ ပုံး၊ ထင်း ၅ ပေခန့် ၁၂၀ ချောင်းနဲ့ ဆား ၁၀ ပိဿာတို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုထားပါတယ်။

အဲဒီအပြင် စစ်တပ်ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖမ်းဆီးရခဲ့တဲ့အထဲက ကိုသန်းရွှေမောင်ဟာ မတ်လ ၂၈ ရက် နံနက် ၂ နာရီအချိန်မှာ မိမိကိုယ်ကို အုပ်နံရံကို ၁၅ ချက်ထိဆင့်ကာသေဆုံးသွားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

#ကျောက်တော်ရဲစခန်းမှ မြောက်ဦးရဲစခန်းသို့

မတ်လ ၂၉ ရက်နေ့ ကျောက်တော်ရဲစခန်းကိုရောက်ပြီးတဲ့နောက်ပိုင်းမှာလည်း ကိုသန်းထွန်းမောင်တို့ ၃ ယောက်စလုံးဟာ စစ်ကြောရေးထဲမှာ နှိပ်စက်ခဲ့တဲ့ ဒဏ်ရာတွေကို အလူးအလိမ့်ခံစားခဲ့ရပါသေးတယ်။

ဒီလိုနဲ့ မိသားစုဝင်တွေရဲ့ တောင်းဆိုမှုကြောင့် ဆေးကုသခွင့်ပေးခဲ့ပေမယ့် သူတို့ ၃ ဦးဟာ အချိန်အတိုင်း အတာတစ်ခုထိ ဆေးကုသခွင့်မရခဲ့ကြပါဘူး။

အဲဒီနောက်မှာတော့ သူ့ရဲ့ အဒေါ်ဖြစ်သူ ဒေါ်မချေဟာ သုံးရက်ဆေးကုခွင့်ရခဲ့ပြီး သူနဲ့ သူ့အဖေကျတော့ နှစ်ယောက်ထဲက တစ်ယောက်သာ ဆေးရုံတက်ရောက်ကုသခွင့်ရတာကြောင့် အဖေဖြစ်သူကို ဆေးရုံရောက်ကုသစေဖို့ ကိုသန်းထွန်းမောင် တစ်ယောက် ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

“ကျနော်နဲ့ ကျနော့်အဖေကျတော့ နှစ်ယောက်ထဲကတစ်ယောက်ပဲ ဆေးရုံတက်ခွင့် ရမယ်လို့ပြောတယ်။ ဒါနဲ့ ကျနော့်အဖေကို ကျနော်ဆေးရုံတက်ခိုင်းလိုက်တယ်။ တကယ်တမ်းဆိုရင် ကျနော်က ဆေးရုံသွားပြရမယ့်သူဖြစ်တယ်။ ကျနော်ကဒဏ်ရာပြင်း တယ်လေ။ ဆေးရုံသွားပြတော့လည်း ကိုယ့်စရိတ်နဲ့ကိုယ် သွားပြရတယ်”လို့ သူက ညဉ်းတွားပါတယ်။

ကိုသန်းထွန်းမောင်တို့ဟာ ကျောက်တော်ရဲစခန်းအချုပ်မှာ တစ်လကျော်နေခဲ့ရပြီးနောက် ၂၀၂၀ ခုနှစ်၊ မေလ ၄ ရက်နေ့မှာ မြောက်ဦးရဲစခန်းကို ပို့ဆောင်ခဲ့ကာ မြောက်ဦးခရိုင်တရားရုံးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုခြင်း ခံခဲ့ရပါတယ်။

တရားရင်ဆိုင်နေရင်းနဲ့ သူ့ရဲ့ညာဖက်လက်ဂျိုင်းအောက်မှဝင်နေတဲ့ ကျည်ဒဏ်ရာကြောင့် ရင်ဘတ်အောင့်တာတွေ၊ ခြေလက်ထုံကျင်တဲ့ဝေဒနာတွေကို ခံစားခဲ့ရပြီး မကြာခဏ ဆေးရုံသွားပြခဲ့ရတယ်လို့လဲ ကိုသန်းထွန်းမောင် က ပြောပါတယ်။

#လွတ်မြောက်လာခြင်း

ဒီလိုနဲ့ သိပ်မကြာခင်မှာဘဲ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းကနေ ပြင်းပြင်းထန်ထန်တိုက်ခဲ့ကြတဲ့ စစ်တပ်နဲ့ AA တို့ဟာ ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲမတိုင်ခင်မှာ ရုတ်တရက်ဆိုသလို တိုက်ပွဲတွေရပ်တန့်သွားခဲ့ကြပါတယ်။ စစ်တပ်ဟာလည်း AA ကို ၂၀၂၁ ခုနှစ်၊ မေလ ၁၁ ရက်နေ့မှာ အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပယ်ဖျက်ပေးခဲ့ပါတယ်။

AA ကိုအကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပယ်ဖျက်ပေးခဲ့ပြီးနောက်ပိုင်းမှာ တိုက်ပွဲကာလအတွင်းက AA ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးတရားစွဲဆိုထားသူတချို့ကို စစ်တပ်က လွှတ်ပေးခဲ့ပါတယ်။ လွှတ်ပေးခဲ့တဲ့အထဲမှာ ကိုသန်းထွန်းမောင်တို့ ၄ ဦးလည်းပါဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့မှာ လွတ်မြောက်လာခဲ့ကြတာပါ။

လက်ရှိအချိန်မှာတော့ ကိုသန်းထွန်းမောင်ဟာ အလှူရှင်တစ်ယောက်အကူအညီနဲ့ စစ်တွေမြို့ပေါ်ဆေးရုံတစ်ခုမှာ ကုသမှုခံယူနေပေမယ့် စစ်တွေမှာခွဲစိတ်ကုသလို့ရနိုင်မည့် အခြေအနေမရှိတာကြောင့် ရန်ကုန်ကိုသွားပြရမယ်လို့ သူ့ရဲ့ လက်ရှိဒဏ်ရာအခြေအနေကို ပြောပြပါတယ်။

လွတ်မြောက်လာခဲ့တယ်ဆိုပေမယ့်လည်း လက်ရှိမှာတော့ ကိုသန်းထွန်းမောင်ဟာ သူ့ရဲ့ညာဖက်ဂျိုင်းအောက်မှာဝင်နေတဲ့ ကျည်ဆံဝင်နေတဲ့ ဒဏ်ရာကြောင့် ဝေဒနာတွေကို ဆက်လက်ခံစားနေရဆဲဖြစ်ပြီး စစ်ကြောရေးထဲမှာရိုက်နှက်ခံခဲ့ရတဲ့ ဒဏ်တွေကြောင့်လည်း ဘာမှလုပ်ကိုင်နိုင်ခြင်း မရှိသေးပါဘူး။

ကိုသန်းထွန်းမောင်တို့မှာ မိသားစုဝင် ၇ ယောက်ထိရှိပြီး ဖမ်းဆီးမခံရခင်ကတည်းကဆိုရင် သူဟာ မိသားစုကိုဦးဆောင်ပြီး တော့ရှာကျွေးခဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် ကိုသန်းထွန်းမောင်ဟာ သူ့ရဲ့မိသားစုကို အရင်လို ရှာမကျွေးနိုင် တော့ဘူးလို့ဆိုပါတယ်။

“အခုကျနော့်လက်က ရေသောက်ဖို့နဲ့ ထမင်းစားဖို့ပဲ အသုံးဝင်တော့တယ်”လို့ ဝမ်းနည်းမှုအရောင်သန်းနေတဲ့ မျက်လုံးအနေ အထားနဲ့ပြောပြရင်း ကိုသန်းထွန်းမောင်တစ်ယောက် သူ့ရဲ့ မိသားစုအရေးကို တွေးပူရင်း တွေးပူနေပါတော့တယ်။

ညိုဇံ ရေးသားသည်။

https://www.facebook.com/westernnewsagency/posts/383393760133801

Leave a Reply

Your email address will not be published.