ခိုးမှု လုယက်မှုနှင့် မီးဘေးအန္တရာယ်တို့ကြောင့် စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်တစ်ချို့တွင် ညစောင့်ဝန်ထမ်းခန့်၍ ကင်းလှည့်နေကြရ

By Western News/ 2021 October 27

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ရပ်ကွက်များတွင် ခိုးမှု လုယက်မှုများ အရင်ကထက် ဖြစ်ပွားလျှက်ရှိသည့်အပြင် ပွင့်လင်းရာသီ ရောက်လာ၍ မီးဘေးအန္တရာယ်ကိုလည်း ကိုယ်ထူကိုယ်ထဖြင့် အလှည့်ကျကင်းစောင့်ဆိုင်းကြနေသလို ဝန်ထမ်းများခန့်၍လည်း ကင်းလှည့်နေကြသည်ဟု တာဝန်ရှိသူများက ပြောသည်။

လွန်ခဲ့သည့် တစ်ပတ်ကျော်ခန့်မှ စ၍ မိမိတို့ရပ်ကွက်ရှိ ရပ်မိရပ်ဖများဖြင့် စုပေါင်းကာ ခိုးမှုလုယက်သူများနှင့် မီးဘေးန္တရာယ်အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ညနေ ၈ နာရီမှ မနက် ၆ နာရီအထိ ညစောင့်ဝန်ထမ်း ငှားကာ ကင်းလှည့်နေကြရသည်ဟု ကျောင်းကြီးလမ်းရပ်ကွက်မှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးအေးထွန်းကျော်ကပြော သည်။

“သိကြတဲ့အတိုင်းပါပဲ စစ်တွေမြို့မှာ ခိုးမှုတွေဟာ ရပ်ကွက်တိုင်းလိုလိုမှာ နေ့စဉ်နေတိုင်းဖြစ်နေကြတယ်။ နေ့တိုင်းဆိုသဆို ဆိုင်ကယ်တွေ တစ်ခြားပစ္စည်းတွေ ပျောက်ဆုံးနေကြတယ်။ အဲ့ဒါကြောင့် မီးလောင်ရင်လည်း နောက်မကျရအောင် ပစ္စည်းတွေလည်းပျောက်ဆုံးမှုမရှိအောင် ကင်းစောင့်မယ့်ဝန်ထမ်း ၉ ဦးပေါ့ ငှားထာပါတယ်။ အဲ့ ၉ ဦးကတော့အပိုင်းလိုက် ကင်းလှည့်စောင့်ကြမှာပေါ့”ဟုပြောသည်။

ယမန့်နေ့ အောက်တိုဘာ ၂၆ ရက်နေ့ကျောင်းကြီးလမ်းရပ်ကွက်၌ တစ်ရက်တည်းတွင် ညဥ့် ၁ နာရီနှင့် ၃ နာရီကြား ဝက်အူလှည့်ဂွများ ကိုင်ဆောင်ထားသည့် သံသယဖြစ်ဖွယ် လူ ၅ ဦးကို ထိန်းသိမ်းခဲ့ပြီး နောက်တစ်နေ့တွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် ဆွေမျိုးများထံ ခံဝန်လက်မှတ်ထိုး၍ ပြန်လွှတ်ပေးခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

အဆိုပါရပ်ကွက်တွင် ဆိုင်ကယ်ပျောက်ဆုံးမှုများမကြာခဏဆိုသလို ရှိနေပြီး လွန်ခဲ့သည့် စက်တင်ဘာလခန့်ကလည်း ယင်းရပ်ကွက်ရှိ တက္ကသိုလ်ကျောင်းဟောင်းအတွင်းမှ ပျဉ်ချပ်ခိုးသူများကို ဖမ်းမိကာ ရဲစခန်းတွင် ပုဒ်မ ၆၁ ဖြင့် အမှုဖွင့်ခဲ့ရသည်။

ယင်းပြင် ဘောလုံးကွင်းရပ်ကွက်တွင် မကြာခဏဆိုသလို ဆိုင်ကယ်များနေအိမ်မှ အခိုးခံနေရသည့်အတွက် ရပ်ကွက်မှ နေထိုင်သူများစုပေါင်းကာ ယခုအောက်တိုဘာလမှစ၍ အလှည့်ကျကင်းလှည့်စောင့်နေကြသည် ဟု ဘောလုံးကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဦးကျော်မြ က ပြောသည်။

“ရပ်ကွက်မှာရှိတဲ့ နေအိမ်တွေက ဆိုင်ကယ်တွေ တစ်ခြားအသုံးအဆောင်ပစ္စည်းတွေမကြာခဏ ပျောက်နေကြ တယ်။ တစ်ခြားရပ်ကွက်တွေမှာကော့ ပျောက်ဆုံးနေကြတာအမြဲကြားနေကြရတယ်။ အဲ့ဒါကြောင့်ရပ်ကွက်က လူတွေပေါင်းပြီး အလှည့်ကျကင်းစောင့်ကြတယ်။ အရင်တုန်းက ဖမ်းမိထားတာ ၃ မှုရှိတယ်။ ပိုင်ရှင်တွေက တော့ ရဲစခန်းမှာ အမှုဖွင့်ထားကြတယ်”ဟုပြောသည်။

ယခုကဲ့သို့ ခိုးမှု၊ လုယက်မှုများ များပြားလာသည်နှင့်ပတ်သတ်၍ အရေးယူဆောင်ရွက်မှုများမေးမြန်းရန် စစ်တွေ မြို့နယ် အမှတ်( ၁) စခန်းမှူး ဦးဆန်းကျော်ထွန်းကို ဖုန်းခေါ်ဆိုခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ရပ်ကွက်တွင် ယခုနှစ် ၂၀၂၁ ခုနှစ်တွင် ခိုးမှု၊လုယက်မှု၊ နေအိမ်ပေါ်တက်၍ ဓါးမြတိုက်မှုများ မကြာခဏဆိုသလိုဖြစ်ပွားနေသည်။ ယင်းသို့ ခိုးမှု၊ လုယက်မှုများမှာ ကိုဗစ် တတိယလှိုင်းစတင်ဖြစ်ပွားအချိန်ကတည်းက ပိုမိုများပြားလာသည်ဟုလည်း မြို့ခံများကပြောသည်။

ကိုဗစ်ကာလစားဝတ်နေရေးအခက်အခဲများအပြင် အလုပ်အကိုင်ရှားပါးသည့်အတွက်ကြောင့် တစ်ချို့လူငယ်များ မှာ ခိုးမှုများကိုပိုမိုကျူးလွန်လာကြသည်ဟု မြို့ခံများကပြောသည်။

https://www.facebook.com/westernnewsagency/posts/397919525347891

Leave a Reply

Your email address will not be published.