ကျောက်ဖြူတွင် ပြိုပျက်နေသော စေတီအား ငွေကြေးမလုံလောက်၍ မပြုပြင်နိုင်သေး

By Narinjara/ 2021 October 25

သဥ္ဇာနွယ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ရေမျက်အုပ်စု၊ တောင်ငူကျေးရွာတွင် ပြိုပျက်နေသော စေတီတော်တစ်ဆူအား ငွေကြေးမလုံလောက်၍ ပြန်လည်မပြုပြင်နိုင်သေးကြောင်း သိရသည်။

ပြိုပျက်နေသည့်အဆိုပါစေတီကို ပြန်လည်ပြုပြင်ရန် ကြိုးစားနေသည်မှာ ၂ နှစ်ခန့်ကြာနေပြီဖြစ်သော်လည်း အလှူငွေထည့်သူ နည်းပါးနေသောကြောင့် မပြုပြင်နိုင်သေးဟု စေတီအားစောင့်ရှောက်နေသည့် မယ်သီလရှင် မဥတ္တမစာရီက နိရဥ္စရာကိုပြောသည်။

“စေတီအတွက် ဝတ္ထုငွေအလုံအလောက် မရသေးလို့မပြုပြင်ရသေးဘူး။ ပျက်နေတာက ၇ နှစ်၊ ၈နှစ်ရှိနေပြီ”ဟု ပြောသည်။

စေတီတော်အောက်ခြေတစ်ခုလုံးနီးပါးပြိုပျက်နေခြင်းဖြစ်ပြီး ပြုပြင်မွမ်းမံရန် ကျပ်သိန်း ၃၀၀ ခန့်ကုန်ကျမည်ဖြစ်ကာ လက်ရှိတွင် စေတီပြုပြင်ရန် အလှူငွေကျပ် ၁၇ သိန်းသာ ရရှိသေးသည်ဟု ဆိုသည်။

အဆိုပါစေတီတော်ကို လွန်ခဲ့သည့် နှစ် ၅၀ ခန့်က တောင်ငူကျေးရွာသချိုင်းအနီး တောင်ကုန်းပေါ်ရှိ ရှေးဟောင်းစေတီပျက်အတွင်း ငွေသားဂြုပ်များဖြင့် ဌာပနာထည့်ထားသည့် ဘုရားဓာတ်တော်များ ရောင်တော်ကွန့်မြူးရာမှ ရွာသားများက တူးဖော်ပြီး ရွာအနီးရှိ စည်တောင် တောင်ခါးပန်းတွင် ပြန်လည်တည်ထားကိုးကွယ်ထားခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

တောင်ငူရွာမှ စေတီတောဂေါပကအဖွဲ့ဝင် ဦးအောင်ထွန်းဖြူက “အခုလည်း ဒီဘုရားက ဓာတ်တော်တွေခဏ ခဏ ကွန့်မြူးတယ်။ ဒီစေတီက တော်တော်လေးကိုပျက်စီးယိုယွင်းနေပါပြီ။ တန်ခိုးရှိတဲ့ စေတီတစ်ဆူမို့ ပြန်လည်ပြုပြင်ချင်ပါတယ်”ဟု ပြောသည်။

စေတီတော်၏ဉာဏ်တော်အမြင့်မှာ ပေ ၃၀ ခန့်နှင့် ပတ်လည်မှာ ၁၅ ပေခန့်ရှိပြီး စေတီအတွင်း ယခင်တွေ့ရှိခဲ့သည့်ဌာပနာများနှင့်အတူ ဉာဏ်တော် ၆ ပေရှိသော ကျောက်ဆင်းတုတော်တစ်ပါးကိုလည်း ဌာပနာထည့်ထားသည်ဟု သိရသည်။

စေတီတော်တည်ရှိသည့် တောင်ငူကျေးရွာတွင် အိမ်ခြေ ၁၁၅ ဆောင်ရှိသည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4817954688216570

Leave a Reply

Your email address will not be published.