By Narinjara/ 2021 October 2
အေးမြတ်ခိုင်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် ယနေ့နံနက်က မိုးကြိုးထိမှန်၍ လူ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရသွားသည်ဟု သတင်းရရှိသည်။
ယနေ့ အောက်တိုဘာလ ၂ ရက် နံနက်က မိုးကြိုးထိမှန်၍ သေဆုံးသွားသူမှာ ကျောက်တော်မြို့နယ်၊ ပေါက်တောကျေးရွာမှ ဦးအောင်ကျော် (၆၇ နှစ်)ဖြစ်ပြီး ဒဏ်ရာရသွားသူမှာ မင်းပြားမြို့နယ်၊ မင်းရွာကျေးရွာမှ မကြည်ကြည်အေး (၃၉ နှစ်)ဖြစ်သည်။
ကျောက်တော်မြို့နယ်၊ ပေါက်တောကျေးရွာမှ သေဆုံးသူဦးအောင်ကျော်သည် ယနေ့နံနက်က စပါးခင်းကိုသွားကြည့်ရာမှ လယ်ကွင်းပြင်တွင် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်စောညွန့်က နိရဥ္စရာကို အတည်ပြုပြောသည်။
“လယ်ပြင်မှာသေဆုံးပြီးတွေ့ရတာပါ။ လယ်ပြင်မှာ စပါးခင်းသွားကြည့်တယ်လို့ပြောတယ်။ အဲ့ဒီမှာ အပစ်ခံလိုက်ရတာ။ အခုတော့ သချုႋင်းကို သယ်လာခဲ့ပါပြီ။”ဟု ပြောသည်။
မင်းပြားမြို့နယ်၊ မင်းရွာကျေးရွာမှ ဒဏ်ရာရသွားသည့် မကြည်ကြည်အေးသည် ယနေ့နံနက် ၆ နာရီခွဲခန့်က ရေခပ်၍ အိမ်ထဲသို့ဝင်လာစဉ် နေအိမ်အတွင်း မိုးကြိုးပစ်ခံရပြီး ဆေးကုသမှုခံယူနေရကြောင်း ၄င်း၏အမျိုးသား ဦးမောင်သန်းရွှေက ပြောသည်။
“သူလဲသွားတာမြင်ပြီး ကျွန်တော်သွားထူတယ်။ ကျွန်တော်ကတော့ ဘာမှမဖြစ်ဘူး။ အမျိုးသမီးကတော့ ညာဘက်တစ်ခြမ်းလုံး အသားတွေထုံကျဉ်နေတယ်လို့ပြောတယ်။ ညာဘက်ရင်ညွန့်နားမှာတော့ အတွင်းခံက မီးကျွမ်းပြီး အသားက အမဲစက်၊ အမဲကြောင်းလေးတွေဖြစ်သွားတယ်။ အခုတော့ ဆေးမှူးခေါ်ပြီး ဆေးထိုးထားပါတယ်”ဟုပြောသည်။
ကျောက်တော်မြို့နယ် ရှမ်းရွာရပ်ကွက်တွင်လည်း ယနေ့နံနက်က လူမနေသည့်အိမ်တစ်လုံး မိုးကြိုးထိမှန်၍ အနည်းငယ်ပျက်စီးသွားခဲ့သည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/4742673189078054