By Development Media Group (DMG)/ 2021 October 28

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် ယခုနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားလာမှု ထက်ဝက်နီးပါးလျော့နည်းကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ခွဲရုံး(စစ်တွေ)မှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က ပြည်ပနိုင်ငံများသို့ ခရီးသွားလာခွင့်ရရန် တရားဝင်နိုင်ငံကူးလက်မှတ်(Passport)ပြုလုပ်သူ ဦးရေ ၂၀၀၀ ခန့်အထိရှိခဲ့သော်လည်း ယခုနှစ် အောက်တိုဘာလအထိ တရားဝင်နိုင်ငံကူးလက်မှတ်ပြုလုပ်သူမှာ ၉၀၀ ဦး ဝန်းကျင်သာရှိကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ခွဲရုံး(စစ်တွေ)မှ တာဝန်ခံ ဒုရဲမှူး ဦးမျိုးသက်ထွန်းကပြောသည်။
“ကိုဗစ်ကာလနဲ့ ရုံးတွေပိတ်ထားတာကြောင့်လည်း ပါတာပေါ့၊ ရုံးတွေမဖွင့်တော့ (Passport)လည်း လျှောက်လို့မရဘူး”ဟု ၄င်းကဆိုသည်။
နိုင်ငံကူးလက်မှတ် (Passport)အမျိုးအစားများမှာ အလည်အပတ်သွားခြင်း၊ သင်္ဘောသား၊ စီးပွားရေး၊ ပညာရေး၊ အလုပ်၊ ဘာသာရေး၊ မှီခီုဟု ၆ မျိုးရှိပြီး ရခိုင်ပြည်နယ်မှ ပြည်ပနိုင်ငံသို့ သွားလာခွင့်ရရန် အများဆုံးလျှောက်ထားသည့် နိုင်ငံများမှာ စင်္ကာပူ၊ ဒူဘိုင်း၊ ထိုင်း၊ မလေးရှားတို့ဖြစ်ကြောင်း သိရသည်။
ပြည်ပနိုင်ငံသို့သွားသည့်ထဲတွင် ယခင်နှစ်များက စင်္ကာပူ၊ ဒူဘိုင်း၊ ထိုင်း၊ မလေးရှားနိုင်ငံများသို့ အသွားအများဆုံးဖြစ်သော်လည်း ယခုနှစ်တွင် မလေးရှားနိုင်ငံသို့သွားရန် လျှောက်ထားသူ နည်းပါးလာကြောင်း ဦးမျိုးသက်ထွန်းကဆိုသည်။
ယင်းအပြင် ပထမအများဆုံး passport လျှောက်သူများမှာ အလည်အပတ်သွားခြင်းဖြစ်ပြီး ဒုတိယအများဆုံးလျှောက်ထားသူများမှာ အလုပ်ဖြင့်သွားခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
“အခုနှစ်မှာက မလေးကိုသွားတာက မရှိသလောက်ကိုနည်းသွားတယ်၊ အများစုကတော့ အလည်အပတ်ဗီဇာနဲ့ သွားတာများတယ်”ဟု ၄င်းကဆိုသည်။
မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားမည်ဆိုပါက မှတ်ပုံတင်မူရင်း(နိုင်ငံသားစီစစ်ရေးကတ်)၊ အိမ်ထောင်စုမူရင်း၊ မွေးစာရင်းမူရင်း(အသက်(၁၀)နှစ်အောက်)၊ လျှောက်မည့်သူကိုယ်တိုင် လာရမည့်ဖြစ်ကာ ယင်းလက်မှတ်(passport)တန်ဖိုး ကုန်ကျငွေမှာ ၃၅၀၀၀ ကျပ်ကို ပေးချေရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ခွဲရုံး(စစ်တွေ)မှ သိရသည်။
https://www.facebook.com/dmgnewsagency/posts/2143366642482402