Vertex နှင့် REDP ကျောင်းတည်ထောင်သူ၏ လိမ်လည်မှုကြောင့် ပြင်ပ ပညာရေးရပ်ဝန်းအားထိခိုက်

By Western News/ 2021 September 14

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အခြေချထားသည့် Vertex International Myanmarနှင့် Rakhine Education Development Program တည်ထောင်သူ ကိုစည်သူအောင်၏ ဟားဗတ်တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိထားသည် ဟူ၍လိမ်လည်ခဲ့မှုမှာ ရခိုင်ပြည် ပြင်ပပညာရေးရပ်ဝန်းအားထိခိုက်မှုရှိနိုင်ကြောင်း ဆက်စပ်သူများမှပြောဆိုသည်။

ပညာရေးကဏ္ဍပိုင်း၊ ကျောင်းတက်ရောက်သည့်ကျောင်းသားများ၏ ငွေကြေး၊ အချိန်နှင့်မျှော်လင့်ချက်များ နစ်နာမှု ရှိကြောင်း ရခိုင်ပြည်တွင် တစ်ခြားပြင်ပသင်တန်းကျောင်းများအပေါ် လူထုယုံကြည်မှုပိုင်းလည်း ကျဆင်းမှုရှိသွား ကြောင်း စစ်တွေမြို့တွင် ပါရဂူကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူ ဒေါ်မီမီစိုးသန်းမှပြောသည်။

“ဒီကျောင်းတွင်းပညာရေးကျတော့ထိခိုက်မှုမရှိနိုင်ဘူး။ ဒါပေမယ့် တစ်ခြားပညာရေးပိုင်းတွေမှာထိခိုက်နစ်နာမှု တွေရှိတယ်။ ပြီးတော့ အလိမ်ခံရတဲ့သူတွေပေါ့။ သူတို့က ဒီပလိုမာရမယ်၊ Scholarship ရမယ်ဆိုပြီး ငွေကြေးတွေ အချိန်တွေအကုန်ခံပြီး တက်ကြရတယ်။ ခုကိစ္စဖြစ်သွားတော့ သူတို့ရထားတာတွေက အရည်သွေးမပြည့်မီသလို မျိုးဖြစ်သွားတာပေါ့။ နောက်ပြီး သင်တန်းဆရာတွေပိုင်းမှာဆိုရင်လည်းသို့လောသို့လောအထင်ခံလာရမယ့်အပိုင်း တွေရှိလာမယ်။ ထပ်ပြီးပြောရမယ်ဆိုရင် ဒါကပညာရေးကဏ္ဍပိုင်းမှာ အမှားကြီးကျူးလွန်တာပဲ။ ပြင်ပပညာရေး ပိုင်းမှာ ဒီလိုမျိုးတွေ ထပ်မဖြစ်အောင် တားဆီးမယ့် အဖွဲ့အစည်းတွေချမှတ်ထားဖို့လိုလာပြီပေါ့” ဟုပြောသည်။

Vertex ကျောင်းတွင် ကျောင်းဆရာအဖြစ်လုပ်ကိုင်နေသည့် ကိုကျော်မျိုးထွန်းကလည်း ရခိုင်ပြည်တွင်း အလုပ် အကိုင်အခွင့်အလမ်း ရှားပါးမှုနှင့် သင်ယူစရာများစွာရှိလာသည့်ခေတ်ကာလတွင် အလုပ်ခေါ်ယူခြင်း ပညာသင်ယူ နိုင်ခွင့်များမြင်လျှင် လျှောက်ထားကြကြောင်း ယခုကဲ့သို့ဖြစ်သွားခြင်းမှာ အနစ်နာခံလုပ်ဆောင်နေသည့်သူများကို လည်း ရိုက်ခတ်မှုရှိသွားကြောင်း ပြောသည်။

“ကျနော် Vertex မှာလုပ်နေတာ ၁ နှစ်လောက်ရှိပြီ။ စာချုပ်နဲ့လုပ်တာပေါ့။ လစာအကျိုးခံစားခွင့်ပိုင်းကတော့ သင်္ကြန်တုန်းကစပြီးမရတော့တာ။ ကြားမှာ ကိုဗစ်ကာလတွေနဲ့လည်းရှိတာပေါ့။ ကျောင်းမှာက လူငယ်ပိုင်းတွေအ များကြီး သင်ယူလေ့လာကြတယ်။ ကျနော်က REDP နဲ့ပတ်သက်ပြီမသိဘူး။ Program ဆိုပြီးအကြီးကြီးတွေလုပ် ထားတာပေါ့။ အလုပ်တွေခေါ်တယ်။ တခြားပညာရေးသင်ယူမှုနဲ့ပတ်သက်တာတွေခေါ်တယ်။ Program ကကြီး တော့ မနိုင်တော့ဘူး။ ဒီမှာကအလုပ်ကိုင်တွေရှားတယ်လေ အလုပ်တစ်ခုခေါ်ရင် လူရာချီလျှောက်ကြတာ။ ပြီးတော့ သင်ယူစရာတွေလည်းအများကြီးပဲ။ ဒီလိုပညာရေးနဲ့ အလုပ်ကိုင်အခွင့်အလမ်းတွေတွဲခေါ်လာတော့ လူငယ်တွေမှာ အခက်ခဲကြားကလာလျှောက်ကြတာတွေလည်းအများကြီးပဲ။ ကျနော်လည်း အကျိုးခံစားခွင့်တွေ မရှိပေမယ့် အနစ်နာခံပြီးလုပ်ပေးနေတယ်။ တစ်ခြားလူတွေလည်းရှိမယ်။ ဒီလိုကြီးဖြစ်လာတော့ အားလုံးအပေါ် ထိခိုက်မှု ကြီးဖြစ်သွားတာပေါ့” ဟုပြောသည်။

ယခုကဲ့သို့ လိမ်လည်ထားသည့်ကိစ္စများဖြစ်လာသည့်အခါ ပညာရပ်များဆက်လက်လေ့လာမည့်လူငယ်များမှာ လည်း သင်တန်းကျောင်းများအပေါ်စိစစ်၍ ယုံကြည်ရတော့မည်ဖြစ်ပြီး မည်မျှကျော်ကြားနေသည်ဖြစ်စေ ကျောင်း၏ ရင်းမြစ်နှင့်ပတ်သက်၍ လေ့လာရတော့မည်ဖြစ်ကြောင်း Vertex ကျောင်းတွင် Scholarship ဖြင့် ပညာသင်ကြားခဲ့သူ ကျောင်းသားတစ်ဦးမှပြောသည်။

“ကျနော်က Scholarship နဲ့ကျောင်းတက်ခဲ့တာပါ။ ပထမတော့ ၃ လဆိုပြီး နောက် ၄ လဖြစ်သွားတယ်။ ကျောင်း တက်ပြီ ဆိုတော့ မျှော်လင့်ချက်တွေထားတာပေါ့။ အလုပ်အကိုင်တွေရှိမယ်။ တစ်ခြားတစ်ဆင့်ထပ်မြင့်တဲ့ ပညာရေးပိုင်းတွေကိုရောက်မယ်ဆိုပြီး မျှော်လင့်တာပေါ့။ ဒီကျောင်းတည်ထောင်တဲ့ဆရာကလည်းပြောတယ် ဒါပြီးရင် မြန်မာပြည်မှာ အသိအမှတ်ပြုလက်မှတ်ရမယ်ဆိုပြီး။ ကျနော်တို့ကလည်း အချိန်တွေအကုန်ခံပြီး ပညာရပ်တွေကို လိုချင်လို့လာတက်တာလေ။ နောက်တော့ စားမေးပွဲတောင်မစစ်လိုက်ဘူး။ ဒီလိုတွေဖြစ်တော့ ကျနော်တို့လိုလူတွေ နောက်ထပ်မကြုံရအောင် သင်တန်းကျောင်းတွေကို သေချာလေ့လာရတော့မယ်။ အရင်လိုမျိုး ယုံကြည်လို့ မဖြစ်တော့ဘူး။ ဘလောက်ပဲနာမည်ကြီးနေပါစေ သူ့ရဲ့ရင်းမြစ်ကဘာလဲဆိုတာ လေ့လာပြီးမှ ကျနော်တို့တက်ရောက်ရမယ့်အပိုင်းကိုရောက်သွားတာပေါ့” ဟုပြောသည်။

REDP နှင့် Vertex တည်ထောင်သူ ကိုစည်သူအောင်မှာ ဟားဗတ်တက္ကသိုလ်မှ PhD ဘွဲ့ရရှိထားသည်ဆိုသည့် ပုံရိပ်အောက်တွင် ၎င်းကျောင်းများအား တက်ရောက်လျှောက်ထားသူအများအပြားရှိခဲ့ပြီး လူမှုကွန်ရက်ပေါ်တွင် လည်းဝေဖန်မှုများမြင့်တက်ခဲ့ရာ စက်တင်ဘာလ ၁၃ ရက်က PhD ဘွဲ့မှာလိမ်လည်ထားခြင်းဖြစ်ကြောင်း Mrat Channel မှရေးသားခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင်ပင် လိမ်လည်ခြင်းမှာဟုတ်မှန်ကြောင်း ကာယကံရှင်ကိုယ်တိုင် Live လွှင့်၍ ဝန်ခံခဲ့သည်။

https://www.facebook.com/westernnewsagency/posts/370867918053052

Leave a Reply

Your email address will not be published.