By Narinjara/ 2021 September 14
နောင်ခိုင်အောင်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ မြောက်ဦးခရိုင်တရားရုံးတွင် AA နှင့်ဆက်စပ်ပြီး အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံနေရသူ ၁၆ ဦးသည် ယနေ့ညနေ ၄ နာရီခန့်က လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါအမှုများကို လိုက်ပါဆောင်ရွက်ပေးနသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်လှစုမေက ယခု လွတ်မြောက်လာသူ ၁၆ ဦးထဲတွင် ကျောက်တော်မြို့နယ်ရှိ မီးဝကျေးရွာ၊ မာလာကျေးရွာ၊ ရုတ်သားကျေးရွာ၊ တောပန်ဇင်းကျေးရွာနှင့် အပေါက်ဝကျေးရွာတို့မှ အမှုရင်ဆိုင်နေရသူများဖြစ်ကြောင်း ပြောသည်။
“ဒီမြောက်ဦးမှာက အကြမ်းဖက်နဲ့ တရားရင်ဆိုင်နေရတာအမှုပေါင်း ၂၆ မှုရှိပါတယ်။ အဲဒီအထဲက ဒီနေ့လွတ်တာ ၈ မှုပါတယ်။ ၈ မှုထဲက ၁၆ ယောက်ပေါ့။”ဟု ပြောသည်။
မြောက်ဦးခရိုင်တရားရုံးတွင် ကျန်ရှိနေခဲ့သည့် အကြမ်းဖက်မှု ၁၈ မှုသည်လည်း လွတ်/မလွတ်ဆိုသည်ကို ယခုလကုန်ပိုင်းတွင် အဖြေသိရမည်ဟုလည်း ဒေါ်လှစုမေက ပြောဆိုခဲ့သည်။
ယနေ့လွတ်မြောက်လာသူများသည် ၂၀၁၉ ခုနှစ်အတွင်း ဖမ်းဆီးခံရခြင်းဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံခဲ့ရသူများဖြစ်သည်။
ရခိုင်တွင် အကြမ်းဖက်မှုနှင့်တရားစွဲခံထားရသူများအနက် ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်ကလည်း စစ်တွေထောင်မှ ၄ ဦး၊ ဘူးသီးတောင်ထောင်မှ ၆ ဦးနှင့် ကျောက်ဖြူထောင်မှ ၆ ဦး၊ စုစုပေါင်း ၁၆ ဦးလွတ်မြောက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသူပေါင်း ၁၆၅ ဦးအထိ ကျန်ရှိနေသေးကြောင်း ဝေဟင်အောင်ပရဟိတအဖွဲ့စာရင်းအရ သိရသည်။
https://www.facebook.com/narinjara.info/posts/4683581354987238