AA တပ်ဖွဲ့ဝင်များကို ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမည်ဟု စစ်ကောင်စီပြော

By Western News/ 2021 September 20

ရခိုင်ပြည်နယ်၌ ကိုဗစ်ကာကွယ်ဆေးထိုးမည့်ဦးတည်အုပ်စု ၁၆ စုထဲတွင် ရက္ခိုင့်တပ်တော် AA ၏ တပ်ဖွဲ့များ ပါဝင်ကြောင်း စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပြည်နယ်စစ်ကောင်စီမှ ပြောဆိုလိုက်သည်။

ရက္ခိုင်တပ်တော် AA ၏ တပ်ဖွဲ့ဝင်များကို ကိုဗစ်ကာကွယ်ဆေးထိုးမည်ဖြစ်သော်လည်း ထိုးပေးမည့်အရေအတွက်ကို သူ့အနေဖြင့် မသိရှိသေးကြောင်း ပြည်နယ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက Western News ကိုပြောသည်။

“EAO တွေကို ကာကွယ်ဆေးထိုးပေးဖို့ဆိုတာကို ကာကွယ်ရေးဦးစီချုပ်ကအစည်းအဝေးတွေမှာပြောပြီးသား EAO တွေကို ဘယ်လိုထိုးမယ်ဆိုတာကိုအစပိုင်းမှာတော့ညွန်ကြားချက်မရသေးဘူး။ ကျနော်တို့ထိုးမယ့် ၁၆ ဖွဲ့ထဲမှာ ပါတယ်။ AA ကိုလည်းဆေးထိုးမယ့်ထဲမှာပါတယ်။ အရေအတွက်ကိုတော့ မသိရသေဘူး။ ထိုးမယ့်စာရင်းထဲမှာပါတယ်”ဟုပြောသည်။

စစ်ကောင်စီက ကိုဗစ်ဆေးထိုးမည့်ကိစ္စနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် AA နှင့် ညှိနှိုင်းဆောင်ရွက်သွားရန် ပြင်ဆင်ဆောင်ရွက်နေသည်ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက Western News ကို ပြောသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်၌ ဦးတည်အုပ်စု ၁၆ စုကို တရုတ်နိုင်ငံထုတ် Sinopharm အမျိုးစား ကိုဗစ် ကာကွယ်ဆေးကို သက်ဆိုင်ရာကျန်းမာရေးဌာနအလိုက် ထိုးနှံပေးနေသည်ဟု ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှ Western News ကို ပြောသည်။

အဆိုပါ ဦးတည်အုပ်စုများကို ထိုးပေးနိုင်ရန်အတွက် ပြီးခဲ့သည့်စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကာကွယ်ဆေး ကိုးသောင်း ၉၀၀၀၀ ရောက်ရှိခဲ့ပြီးဆေးထိုးနှံပေးနေသည်။ စက်တင်ဘာလ ၂၁ ရက် နေ့တွင်လည်း တစ်သိန်းသုံး သောင်းခြောက်ထောင် ၁၃၆၀၀၀ ရောက်ရှိလာမည်ဖြစ်သည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှုး ဒေါက်တာစိုးဝင်းပိုင်က Western News ကိုပြောသည်။

စစ်ကောင်စီက ထိုးပေးနေသည့် ဦးတည်အုပ်စုဆိုသည်မှာ ဦးစားပေးအုပ်စုအဖြစ် အသက် ၅၅ နှစ်အထက် အစိုးရကျန်းမာရေးဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတဝန်ထမ်းများ ၊ ဘိုးဘွားရိပ်သာများ၊ ဘုန်းကြီး‌‌ကျောင်း၊ သီလရှင်ကျောင်းများနှင့် သာသနာ့ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်နှင့်‌ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်းများတို့ဖြစ်သည်။

ယင်းအပြင် ဟိုတယ်၊ မိုတယ်၊ တည်းခိုရေးနှင့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများ၊ အကျဉ်းထောင်မှ အကျဉ်းသားများ၊ ပုဂ္ဂလိကသယ်ယူပို့ ဆောင်ရေးလုပ်ငန်းများ၊ Super Market ‌စျေးများ၊ မသန်စွမ်းသူများ၊ ရွေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများ၊ နာတာရှည်ရောဂါမရှိသူများကို ထိုးနှံပေးသွားမည်ဟု‌ သိရသည်။

https://www.facebook.com/westernnewsagency/posts/374266144379896

Leave a Reply

Your email address will not be published.