၈၂ ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အောက်မေ့ဖွယ်အခမ်းအနားကို အကျဉ်းရုံးသာကျင်းပမည်

By Development Media Group (DMG)/ September 1

ယခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင်ကျရောက်မည့် (၈၂)ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့တွင် ဆရာတော်အားအောက်မေ့ဖွယ်အခမ်းအနားကို စစ်တွေမြို့၌ အကျဉ်းရုံးပြီး ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်တွေမြို့ ပန်းချီပညာရှင်များအသင်းထံမှ သိရသည်။

ကိုဗစ်တတိယလှိုင်းကြောင့် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာမကျင်းပသော်လည်း ဆရာတော်ကြီး သီတင်းသုံးနေထိုင်ခဲ့သည့် စစ်တွေမြို့ရွှေစေတီဘုန်းတော်ကြီးကျောင်းတွင် အလှူဒါနပြုလုပ်သွားမည်ဟု ပန်းချီပညာရှင်များအသင်းမှ အတွင်းရေးမှူး ဦးကျော်ဇံမောင်ကပြောသည်။

“ဆရာတော်ဦးဥတ္တမနေ့မှာ ပန်းခွေနဲ့ဆီမီးထွန်းပြီး ဂုဏ်ပြုသွားမယ်။ လိုအပ်ရင် တစ်ခြားအသင်းအဖွဲ့တွေက ဆရာတော်ကြီးအား ဂုဏ်ပြုကြရင်တော့ ကိုဗစ်စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်သွားမယ်”ဟု ဦးကျော်ဇံမောင်ကပြောသည်။

ဆရာတော်ဦးဥတ္တမနေ့ကို စစ်တွေမြို့ရှိ ပန်းချီပညာရှင်များအသင်းမှ ဦးဆောင်ကျင်းပလာခဲ့သည်မှာ ၆ နှစ်အထိရှိခဲ့ပြီဖြစ်ကာ ပြီးခဲ့သည့်နှစ်က (၈၁)ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့ကိုလည်း ကိုဗစ်ကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။

ယခင်နှစ်များက စစ်တွေမြို့တွင် ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ်အဖြစ် တက္ကသိုလ်အဆင့်၊ အထက်တန်းအဆင့် ဟောပြော ပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး ရခိုင်ပန်းချီပညာရှင်များစုပေါင်းကာ ပန်းချီပြပွဲကိုလည်းပြုလုပ်ခဲ့ကြသည်။

ဆရာတော်ဦးဥတ္တမနေ့ကို ပျက်ပယ်ထားရန်မဖြစ်သင့်သည့်အတွက် ယခုနှစ်တွင်အကျဉ်းရုံးဖြင့်ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ပွဲကျင်းပရေးမည့်ကိစ္စကိုလည်း ပြည်နယ်ကောင်စီထံအကြောင်းကြားသွားမည်ဖြစ်ကြောင်း ပန်းချီပညာရှင်များအသင်းထံမှ သိရသည်။

“အမှန်တကယ်ပြောရမယ်ဆိုရင် အာဇာနည်နေ့ကိုတောင် မြန်မာတစ်နိုင်ငံလုံးမှာကျင်းပကြသေးတာပဲ။ ကျွန်တော်တို့မှာ မြန်မာ့လွတ်လပ်ရေးအတွက် ဦးဆောင်ညွှန်ပြခဲ့တဲ့ ဆရာတော်ဦးဥတ္တမနေ့ကိုတော့ ပူဇော်သင့်တယ်ဆိုတဲ့အသိစိတ်နဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်”ဟု ဦးကျော်ဇံမောင်ကဆိုသည်။

ဆရာတော်ဦးဥတ္တမသည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန် ရှေ့ဆောင်လမ်းပြခဲ့သည့်အတွက် မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင်ဟု တင်စားခေါ်ဝေါ်ခြင်းခံရသူဖြစ်သည်။

ဆရာတော်ကို ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်တွေမြို့၌မွေးဖွားခဲ့ပြီး ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှာ ပျံလွန်တော်မူခဲ့သည်။

ဆရာတော်ပျံလွန်တော်မူသည့်နေ့ကို ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ခဲ့ကြပြီး ပူဇော်ကန်တော့ပွဲများ ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။

ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကို ယခင်စစ်အစိုးရလက်ထက်တုန်းက ကျင်းပခွင့်မပြုခဲ့သသို့ ကျင်းပရန်စီစဉ်သူများကိုပါ ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။ သို့သော် ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်မှာ ဆရာတော်ဦးဥတ္တမနေ့ကို ကျင်းပခွင့် ပြန်ရလာခဲ့သည်။

https://www.facebook.com/dmgnewsagency/posts/2098829046936162

Leave a Reply

Your email address will not be published.