ဦးညီပုနှင့် ဝန်ကြီးဟောင်း ၄ ဦးအား အဂတိ လိုက်စားမှု ၃ မှုဖြင့် စတင်စစ်ဆေး

By Western News/ 2021 September 8

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီး ဦးကျော်အေးသိန်း ၊ ဦးအောင်ကျော်ဇံ ၊ ဦးကျော်လွင် နှင့် ဦးမင်းအောင်တို့အား အဂတိတိုက်ဖျက်ရေး အမှု ၃ မှုဖြင့် စတင်စစ်ဆေးခဲ့သည်ဟု အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့်ရှေ့နေများက ပြောသည်။

ရခိုင်ပြည်နယ် တရားလွှတ်တော်တွင် ယနေ့ စက်တင်ဘာ ၈ ရက်နေ့ ဝန်ကြီး ၅ ဦးအား Video Conferencing ဖြင့်တရားရုံးတွင် စတင်ကြားနာခဲ့ပြီး ရှေ့နေကိုယ်စားလှယ်လွှဲစာများလုပ်ခဲ့ကြသည်ဟု ဘဏ္ဍရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၏ အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးအောင်စစ်မင်းက Western News ကိုပြောသည်။

“ဝန်ကြီးဟောင်းတွေကို ဒီနေ့မှာ စပြီးရုံးတင်ကြားနာပါတယ်။ အမှုသည်တွေကိုတော့ Video Conferencing ကိုယ်စားလှယ်လွဲစာတွေ တင်ကြတယ်။ ကျွန်တော်အမှုသည်မှာတော့ ၃ မှုစွဲဆိုထားတယ်။ အဲဒီ ၃ မှုစလုံးမှာ ဝန်ကြီးချုပ်ဟောင်း ဦးညီပုပါတယ်။ တရားစွဲခံထားရတဲ့ ဝန်ကြီးအားလုံး ကအဲဒီအမှုမှာ ပါဝင်ပတ်သတ်မှုတွေ ရှိကြတယ်။ တရားစွဲဆိုထားတာက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့စွဲဆိုထားတာပါ။ တစ်ချို့ ပုဒ်မတွေကတော့ ပုဒ်မ အပြောင်းအလဲတွေ ရှိနိုင်တာကြောင့်ပြောပြလို့မရနိုင်သေးဘူး”ဟု ပြောသည်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပု အပါဝင် ဝန်ကြီးဟောင်း ၅ ဦးအမှုအား လာမည့် ရုံးချိန်းကို စက်တင်ဘာ ၂၁ ရက် ၂၂ တစ်ကြိမ် ထပ်မံရုံးချိန်းခေါ်ဆိုလိုက်သည်ဟု ရှေ့နေအောင်စစ်မင်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦညီပု၊ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်အပါဝင် ပြည်နယ်ဘဏ္ဍရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အမှုဖွင့်ခံထားရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့က ဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် ဦးအောင်ကျော်ဇံတို့နှစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ ရဲစခန်းတွင် ၃ ရက်မျှဖမ်းဆီးထိန်းသိမ်းထားကာ ယင်းမှတစ်ဆင့် စစ်တွေသို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

ယင်းအပြင် ဩဂုတ်လ ၁၂ ရက်နေ့က ဝန်ကြီးဟောင်း ဦးကျော်လွင်ကိုလည်း ရမ်းဗြဲမြို့နေအိမ်မှ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးပြီး ရမ်းဗြဲမြို့နယ် တရားရုံးတွင် ချုပ်ရမန် နှစ်ပတ်ယူကာ စစ်တွေမြို့ကို ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် ဦးညီပု၊ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံ နှင့် ဦးကျော်လွင်တို့အား စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး ဦးမင်းအောင်အား တောင်ကုတ်မြို့ ခမရ ၅၄၄ တပ်ရင်းတွင် ထိန်းသိမ်းထားကြောင်း ရှေ့နေဒေါ်သိင်္ဂီမောင်က ပြောသည်။

ယင်းအမှုတွင် ဦးညီပုသည်အဂတိလိုက်စားမှုဥပဒေပုဒ်မ ၅၅ အပါအဝင် ပုဒ်မ ၃ ခု အပြင် နိုင်ငံတော်အညို ပျက်စေမှု ၅၀၅ (ခ) ဖြင့် စစ်တွေမြို့နယ်တရားရုံးတွင်စွဲချက်အမိန့်ချထားပြီးဖြစ်ကြောင်းအမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် ့နေကပြောသည်။

ယင်းအပြင် ဦးမင်းအောင်မှာလည်း အဂတိလိုက်စားမှုဥပဒေပုဒ်မ ၅၅ အပါဝင်ပုဒ်မ ၃ခု အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပုဒ်မ ၂၅ နှင့် ငြိမ်းစုစီ ပုဒ်မ ၁၉ တို့ဖြင့်တောင်ကုတ်မြို့နယ်တရားရုံးတွင် တရားရင်ဆိုင် နေရသည်။

https://www.facebook.com/westernnewsagency/posts/366340718505772

Leave a Reply

Your email address will not be published.