အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အခမ်းအနားကို စစ်တွေတွင် ရခိုင်လူငယ်များပြုလုပ်

By Development Media Group (DMG)/ 2021 September 22

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အခမ်းအနားကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စက်တင်ဘာ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုအခမ်းအနားကို စစ်တွေမြို့ရှိ ရခိုင်ညွှန့်ဖူးပန်းချီပြခန်းတွင် ရခိုင်မျိုးဆက်သစ်အသင်း(AOANG)မှ ဦးဆောင်ကာ လူငယ် ၃၀ ဦးခန့်ဖြင့်ပြုလုပ်ခဲ့ကြောင်း AOANG မှ ဒုတိယဥက္ကဋ္ဌ ကိုထူးအံ့ကောင်းက DMG ကိုပြောသည်။

“ကျွန်တော်တို့ မနေ့က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာလုပ်ခဲ့တာပေါ့။ အဲဒီမှာ ကဗျာရွတ်ဖတ် ပြိုင်ပွဲတွေပါပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး သီချင်းတွေလည်းဆိုခဲ့ကြပါတယ်။ ဒီလိုငြိမ်းချမ်းရေး အခမ်းအနားကို ကျွန်တော်တို့အနေနဲ့ ရခိုင်မှာဒါပထမဆုံးလုပ်ဖူးတာပါ”ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်မှ ပြည်သူများအပြင် လက်ရှိမြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသည့် ပဋိပက္ခများအကြား စစ်ဘေးဒုက္ခကိုခံစားနေရသည့် ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးကိုလိုလားနေကြသော်လည်း လက်ရှိအချိန်ထိ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာမဖြစ်လာသည့်အတွက် ထိုအခမ်းအနားကို ပြုလုပ်ရခြင်းဖြစ်ခြင်း AOANG မှ မပိုးအိစံကပြောသည်။

“လောလောဆယ် အခုမြန်မာနိုင်ငံအတိုင်းအတာနဲ့နေပြီးတော့ တိုက်ပွဲတွေဖြစ်နေတယ်၊ ပဋိပက္ခတွေဖြစ်နေတဲ့ ကြားထဲမှာ ငြိမ်းချမ်းမှုကိုလိုချင်တယ်။ ငြိမ်းချမ်းမှုရဲ့အဓိပ္ပါယ်ကို ဖော်ဆောင်ဖို့၊ နောက်ပြီး လူငယ်တွေရဲ့ကြားမှာ ဒီတက်သစ်စလူငယ်တွေကဆိုရင် ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်လေးတွေကိုလိုလားတယ်။ ရခိုင်ပြည်နယ်အတွင်းမှာဆိုရင်လည်း စစ်ပွဲပဋိပက္ခတွေနဲ့ စစ်ဘေးရှောင်တွေရှိတယ်။ ငြိမ်းချမ်းရေးကို လိုချင်နေကြတယ်၊ တောင်းတနေကြတယ်။ ဒါပေမဲ့ ဘာတစ်ခုမှဖြစ်မလာဘူး”ဟု ၎င်းကပြောသည်။

စစ်တွေတွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အခမ်းအနားတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး တစ်ဦးနှင့်တစ်ဦး ဆွေးနွေးဖလှယ်သည့် စကားဝိုင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ကို ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့၌ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှ တရားဝင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/2115567755262291

Leave a Reply

Your email address will not be published.