အနာဂတ်ပစ်မှတ်ပညာရေးဖောင်ဒေးရှင်းမှ ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းကို ရခိုင်ရှိလူငယ်များအား အခမဲ့သင်ကြားပေးနေ

By Development Media Group (DMG)/ 2021 September 23

အနာဂတ်ပစ်မှတ်ပညာရေးဖောင်ဒေးရှင်းက ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်သင်တန်းတို့ဖွင့်လှစ်၍ ရခိုင်ပြည်အတွင်းက လူငယ်များကို အခမဲ့သင်ကြားပေးနေကြောင်း သိရသည်။

အဆိုပါသင်တန်းကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မေလစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အပတ်စဉ်(၄)အဖြစ် သင်တန်းသားအသစ်(၄၀၀)ကျော်ကို စတင်ခေါ်ယူနေပြီးဖြစ်ကြောင်း သိရသည်။

“ရခိုင်မှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့လူငယ်တွေ၊ ကိုဗစ်ကြောင့် ကျောင်းမတတ်နိုင်သေးပဲရှိနေကြတဲ့ ဆယ်တန်းအောင်တွေ၊ ဘွဲ့ရတွေ၊ ပြီးတော့ ဆယ်တန်းမအောင်တဲ့သူတွေ အစရှိတဲ့သူတွေကို ကျနော်တို့က သင်တန်းကြေးတွေမယူဘဲ အခမဲ့သင်ပေးပါတယ်” ဟု အနာဂတ်ပစ်မှတ်ပညာရေးဖောင်ဒေးရှင်းတည်ထောင်သူ ဦးဇော်မင်းဦးက DMG ကိုပြောသည်။

လက်ရှိသင်တန်းအပတ်စဉ်(၄)တွင် ကွန်ပျူတာနှင့် အင်္ဂလိပ်စာများအပြင် ဂီတနှင့်ဆိုင်သော အနုပညာများကိုလည်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း ဦးဇော်မင်းဦးက ပြောကြားသည်။

“ရခိုင်မှာရှိနေတဲ့လူငယ်တွေကို လာမယ့်အနာဂတ်မှာ နည်းပညာတွေနဲ့ အင်္ဂလိပ်စာတွေကို တတ်မြောက်စေချင်တယ်။ အဲဒီလိုတတ်မြောက်စေချင်တဲ့ဆန္ဒနဲ့ ကိုယ်နိုင်တဲ့ဖက်က သင်ပေးတာပါ။ အခုခေါ်နေတဲ့အပတ်စဉ် ၄ မှာဆိုရင် ဂီတတွေ၊ အော်ဂံတွေအစရှိတဲ့ အနုပညာအပိုင်းနဲ့လည်း သင်ကြားပေးမဲ့အစီအစဉ်တွေရှိပါတယ်”ဟု ၎င်းကပြောသည်။

သင်တန်းလာတက်သူများကို စားစရိတ်၊ နေစရိတ်၊ စာအုပ်များ စသည်တို့ကိုလည်း အနာဂတ်ပစ်မှတ်ပညာရေးဖောင်ဒေးရှင်းမှ တာဝန်ယူပြီး အခမဲ့လုပ်ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။

“ကျနော်တို့မှာတော့ သင်တန်းသားတွေများတဲ့အတွက် ကွန်ပျူတာတွေ မလုံလောက်တဲ့အတွက် လိုအပ်ချက်တွေတော့ ရှိနေပါတယ်။ နောက်ဆီစျေးတွေကလည်းတက်တယ်။ ဒေါ်လာစျေးတွေကလည်းတတ်တော့ သင်တန်းသားတွေရဲ့ စားဝတ်နေရေးအတွက် အစစရာရာအခက်အခဲရှိတဲ့အတွက် ချွေတာပြီးသုံးနေရတာလည်းရှိပါတယ်” ဟု ဦးဇော်မင်းဦးကပြောသည်။

အဆိုပါသင်တန်းကို မအီ၊ ကျောက်ဖြူ၊ ပေါက်တော၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်တော်၊ စစ်တွေနှင့် မြောက်ဦး အစရှိသည့် မြို့နယ်များက လူငယ်အများစု တက်ရောက်လျှက်ရှိကြောင်းလည်းသိရသည်။

ရသေ့တောင်မြို့နယ်က သင်တန်းလာတတ်သူ ကိုမျိုးဌေးနိုင်က “ကိုဗစ်တွေဖြစ်တော့ ကျောင်းတွေမတက်ဘဲ နေလိုက်ရတယ်။ ဒီမှာသင်တန်းအခမဲ့သင်ပေးနေတာရှိတော့ အသိမိတ်ဆွေတွေနဲ့ ချိတ်ပြီးလာတက်တာဖြစ်တယ်။ ကျောင်းမှာတော့ အခုကလူတွေများလာတော့ နေထိုင်ဖို့အဆောင်တွေလိုအပ်နေတာရှိတယ်”ဟု ပြောသည်။

အဆိုပါသင်တန်းကို ကျောက်တော်မြို့နယ်၊ ကြောင်ဖိုကျေးရွာရှိ နန်းတက်ဘုရာကြီးအနီးတွင်ဖွင့်လှစ်ထားပြီး သင်တန်းအပတ်စဉ်(၁)တွင် သင်တန်းသား (၅၀)ကျော်၊ အပတ်စဉ်(၂)တွင် သင်တန်းသား (၆၀)ကျော်၊ အပတ်စဉ်(၃)တွင် သင်တန်းသား(၂၀၀)ကျော်တို့ကို သင်ကြားပေးခဲ့ကြောင်းလည်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2116366745182392

Leave a Reply

Your email address will not be published.