By Western News/ 2021 September 28
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့်တရားစွဲဆိုခံထားရသည့်ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါဝင် ဝန်ကြီးချုပ် ၃ ဦးအား စက်တင်ဘာ ၂၉ ရက်နေ့တွင် စစ်တွေအကျဉ်းထောင်အတွင်း တရားရုံးဖွဲ့ကာ ရုံးတင်စစ်ဆေးခဲ့သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ဦးကျော်အေးသိန်းနှင့် ဦးအောင်ကျော်ဇံတို့အား အမှု ၃ မှုဖြင့် စွဲဆိုထားပြီး ဦးမင်းအောင်နှင့် ဦးကျော်လွင်တို့အား အမှုတစ်မှုစီ စွဲဆိုထားသည်ဟု သိရသည်။
ယနေ့ရုံးချိန်းတွင် ဝန်ကြီးချုပ်ဟောင်းအပါဝင် အမှုနံပါတ်၂ နှင့် ၃ တွင်ပါဝင်သည့် ဝန်ကြီး ၃ ဦးအားရုံးထုတ်ခဲ့ပြီး တရားလိုအား စတင်စစ်ဆေးခဲ့သည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် Thazin Legal Institute မှ တရားလွှတ်တော်ရှေ့နေ့ ဦးအေးကျော်သန်းက Western News ကိုပြောသည်။
“ဒီနေ့တော့ အမှုနံပါတ် ၂ နဲ့ ၃ ကို စစ်ဆေးပါတယ်။ အဲဒီအမှုနံပါတ် ၂ နဲ့ ၃ အတွက်တရားလိုကို စပြီးစစ်တာပါ။ အမှုနံပါတ်၂ နဲ့ ၃ မှာပါတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ဦးကျော်အေးသိန်းနှင့် ဦးအောင်ကျော်ဇံ တို့ ၃ ဦးကို စစ်ဆေးခဲ့တာပါ။ အမှုနံပါတ် ၁ နဲ့ ၄ ကို အောက်တိုဘာ ၁ ရက်နေ့မှာ စစ်ဆေးမှာ ဖြစ်ပါတယ်။ အမှုနံပါတ် ၂ နဲ့ ၃ ကို အောက်တိုဘာ ၄ ရက်နေ့တွင်ထပ်မံချိန်းဆိုထားတယ်”ဟု ပြောသည်။
အမှုနံပါတ် ၁ နှင့် ၄ ကိုစစ်ဆေးမှုမပြုလုပ်ရသေးသောကြောင့် အတိကျမသိရှိရသေးဘဲ အမှုနံပါတ် ၂ မှာ အစိုးရပိုင် အဆောက်အဦး ၃ ခုအား ပြည်သူသို့ဌားရမ်းရာတွင် ဥပဒေနှင့် ငြိစွန်းသည်ဆိုကာစွဲဆိုထားခြင်းဖြစ်ပြီး အမှု နံပါတ်၃ မှာ QC ရန်ပုံငွေ Third party မှ ငွေတချို့အား သတ်မှတ်ဘဏ်အကောင့်တွင်ရှိမနေဘဲ တခြားအကောင့်တွင်ရှိနေသောကြောင့် စွဲဆိုခြင်းဖြစ်ဖြစ်သည်ဟု ၄င်းကဆက်ပြောသည်။
အမှုနံပါတ် ၁ တွင် ဝန်ကြီးချုပ်ဟောင်းဦးညီပု၊ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံနှင့် ဦးကျော်လွင်တို့ပါဝင်ပြီး အမှုနံပါတ် ၂ နှင့် ၃ တို့တွင် ဝန်ကြီးချုပ်ဟောင်းဦးညီပု၊ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံ ပါဝင်ကာ အမှုနံပါတ် ၄ တွင် ဦးမင်းအောင်တစ်ဦးတည်းသာပါဝင်သည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်အပါဝင် ပြည်နယ်ဘဏ္ဍရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဦးကောင်းဇော်သန့်က ရခိုင်ပြည်နယ်တရားလွှတ်တော်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အမှု ၄ ခု ဖြင့် တရားစွဲဆိုထားသည်။
လက်ရှိတွင် ဦးညီပုအား မည့်သည့်နေရာတွင်ထိန်းသိမ်းထားသည်ကို အတိကျမသိရသော်လည်း ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံ၊ ဦးကျော်လွင်နှင့် ဦးမင်းအောင်တို့အား စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်”ဟုသိရသည်။
ဦးညီပုသည်အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အမှု ၃ ခု အပြင် နိုင်ငံတော်အကြည်ညို ပျက်စေမှု ၅၀၅ (ခ) ဖြင့် စစ်တွေမြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေရပြီး လာမည့် အောက်တိုဘာ ၅ ရက်နေ့တွင် ၅၀၅ (ခ) အမှုအတွက် အပြီးသတ်လျှောက်လဲချက်ပေးသွားမည်ဖြစ်သည်။
ဦးမင်းအောင်မှာလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပုဒ်မ ၂၅ နှင့် ငြိမ်းစုစီ ပုဒ်မ ၁၉ တို့ဖြင့်ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့က တောင်ကုတ်မြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ၂ လ ချမှတ်ခံခဲ့ရသည်။
https://www.facebook.com/westernnewsagency/posts/380003980472779