အခေါက်ရွှေဈေး တစ်ကျပ်သားကို ၁၈ သိန်းအထိ မြင့်တက်

By Western News/ 2021 September 7

မြန်မာနိုင်ငံတစ်ဝန်းတွင် ဖေဖော်ဝါရီလလောက်မှစ၍ ဈေးမငြိမ်မသက်ဖြစ်နေသည့် ရွှေဈေးနှုန်းမှာ ယနေ့ စက်တင်ဘာ ၇ ရက်နေ့တွင် ၁၆ ပဲရည် ရွှေအခေါက် တစ်ကျပ်သားကို ၁၈ သိန်းအထိ ဈေးမြင့်တက်မှုရှိ နေကြောင်း ရွှေရောင်းချသူ များကပြောသည်။

ရွှေများမှာ ဝယ်ယူသူများလည်းမရှိဘဲ ဈေးနှုန်းများမြင့်တက်နေခြင်းဖြစ်ကြောင်း ရွှေရောင်းလာသည့် သက်တမ်း နှစ် ၄၀ တွင်းတွင် ယခုဈေးနှုန်းလောက်မြင့်တက်မှုကို မကြုံဖူးခဲ့ကြောင်း စစ်တွေမြို့ “ရတနာလှိုင်” ရွှေဆိုင်ပိုင်ရှင် ဦးကျော်ဌေးလှိုင် ကပြောသည်။

“ဈေးကတော့ ဒီနေ့ ၁၈ သိန်းဖြစ်သွားပြီ။ ၁၅ ပဲရည်ကတော့ ၁၇၀၀၀၀၀ သိန်းလောက်ရှိတယ်။ ရွှေကဝယ်တဲ့ သူတွေလည်းမရှိပါဘူး။ ဈေးတက်တာကလည်း မတည်ငြိမ်မှုတွေကြောင့်တက်တာလေ။ တစ်ချို့ ဆိုင်တွေဆိုရင် ဈေးနှုန်းတွေပဲတက်လာတယ် ရောင်းအားကလည်းမရှိဆိုတော့ ပိတ်ထားကြတယ်။ ကျနော် ရွှေ‌‌ရောင်းလာတဲ့ နှစ် ၄၀ သက်တမ်းတစ်လျှောက်မှာတော့ ဒီလောက်မြင့်တဲ့ ဈေးနှုန်းမျိုးမကြုံဖူးသေးဘူး” ဟုပြောသည်။

ရွှေဈေးနှုန်းများမှာ ယမန်နှစ်များတွင် ၁၆ ပဲရည်မှာ ၁၃ သိန်းကျော်အထိအမြင့်ဆုံးရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဇွန်နဝါရီလတွင် ၁၃၂၀၀၀၀၊ ယင်းမှတစ်ဆင့် ၁၄၆၄၀၀၀ ဖြစ်လာကာ မေလတွင် ၁၅ သိန်းကျော်၊ ဇူလိုင်လတွင် ၁၆ သိန်းကျော်၊ ဩဂုတ်လတွင် ၁၇ သိန်းကျော်နှင့် ယနေ့ စတင်ဘာလ ၇ ရက်တွင် ၁၈ သိန်းထိ ရောက်ရှိနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ရွှေဈေးနှုန်းအပြင် တစ်ခြား လူသုံးကုန်၊ စားသောက်ကုန် စသည့်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ တည်ငြိမ်မှုမရှိဖြစ်နေပြီး ပုံမှန်ထက်ပိုသည့် ဈေးနှုန်းမြင့်တက်မှု များလည်း ဖြစ်ပေါ်လျက်ရှိသည်။

https://www.facebook.com/westernnewsagency/posts/365715128568331

Leave a Reply

Your email address will not be published.