အကြမ်းဖက်အမှုဖြင့် ဖမ်းဆီးတရားစွဲဆိုထားသူများအား ရုံးထုတ်စစ်ဆေးခြင်း မရှိ၍ နစ်နာမှုများရှိနေ

By Western News/ 2021 September 22

ကိုဗစ်ကြောင့် နှစ်လကျော်ကြာ ရုံးထုတ်စစ်ဆေးခြင်းမရှိသည့် အကြမ်းဖက်ဥပဒေများဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူများအား ရုံးထုတ်စစ်ဆေးခြင်းမရှိသောကြောင့် နစ်နာမှုများရှိနေသည်ဟု မိသားစုဝင်များနှင့် အမှုလိုက်ရှေ့နေများကပြောသည်။

ကိုဗစ်ကာလကြောင့် တရားရုံးများ နှစ်လကျော် ပိတ်ထားခဲ့ပြီး ပြီးခဲ့သည့်အပတ်မှ ပြန်လည်စတင်ကာ ပုံမှန်ဖွင့်လှစ်သော်လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲခံထားရသူများအား ရုံးထုတ်စစ်ဆေးခြင်းမရှိဘဲ ရုံးချိန်းများကို ထပ်မံရွေ့ဆိုင်းခြင်းများရှိနေသည်။

ယနေ့စက်တင်ဘာ ၂၂ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့်သူများအား ရုံးချိန်းများရှိနေသော်လည်း ရုံးထုတ်ခြင်းမရှိဘဲ လာမည့် အောက်တိုဘာလ ၆ ရက်နေ့သို့ ပြန်လည်ရုံးချိန်းလိုက်သည်။

ရုံးတင်စစ်ဆေးခြင်း၊ ရုံးထုတ်စစ်ဆေးခြင်းမရှိဘဲ ရုံးချိန်းပြောင်းနေခြင်းများမှာ အမှုသည်များအတွက် နစ်နာမှုရှိနေသည်ဟု အကြမ်းဖက်ဖြင့် ဖမ်းဆီးခံထားရသူများ၏ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော် ရှေ့နေဦးကျော်ညွှန်မောင်က Western News ကိုပြောသည်။

“ဒီနေ့ ရုံးမထုတ်ဘူး။ နှစ်ပတ်ထပ်ရွှေ့လိုက်တယ်။ အောက်တိုဘာ ၆ ရက်နေ့ကိုချိန်းလိုက်တာပါ။ ဒီနေ့တော့ တရားခံတစ်ယောက်မှ စစ်ဆေးမှုမရှိဘူး။ အမိန့်မချဘဲ အချူပ်မှာနေရတော့နစ်နာကြတာပေါ့။ အမိန့်ချရင် ချပေါ့။ လွှတ်မယ်ဆိုရင်လည်း လွှတ်ပေါ့။ တစ်ခုခုတော့ အမိန့်ချသင့်ပြီ”ဟု ပြောသည်။

၎င်းလိုက်ပါဆောင်ရွက်နေသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုထားသည့် အမှု ၃ ခုတွင် စွဲချက်အမိန့်နှင့် အပြီးသတ်အမိန့်များချမှတ်ရန်သာ ကျန်ရှိပြီး တရားရုံးကအမှုများအား အမိန့်မချဘဲ ဆိုင်းငံ့ထားသည်ဟု သူကပြောသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများဖြင့် တရားစွဲခံထားရသည့် ကျောက်ဆိပ်ကျေးရွာမှ ကိုညီညီအောင်၏ မိခင်ဒေါ်နီနီအေးက တရားရင်ဆိုင်နေရသူများအား ရုံးမထုတ်ခြင်းမှာ အမှုသည်၏ မျော်လင့်ချက်ကို ဖျက်ဆီးရာရောက်ကြောင်းပြောသည်။

“ဒီနေ့ ရုံးထုတ်မယ်လို့ ရှေ့နေကပြောတော့ ဝမ်းသာသွားတယ်။ နောက်တစ်ခေါက်ဖုန်းဆက်ကြည့်တော့ ဒီနေ့ရုံးမထုတ်တော့ဘူးလို့ပြောတယ်။ ရုံးမထုတ်ဆိုတော့ အဒေါ်လည်း ဘာလုပ်ရမှန်းမသိ တော့ဘူး။ ရုံးမထုတ်ဘူးဆိုရင်တော့ လွတ်မယ့်ရက်ခန့်မှန်းရခတ်တာပေါ့။ ရုံးတင်စစ်ဆေးရင် လွတ်ဖို့အတွက်မျှော်လင့်ရတယ်။ အခုမျှော်လင့်ချက်ကိုဖျက်စီးနေသလိုဖြစ်နေတယ်။ ကိုဗစ် ဒုတိယလှိုင်းတုန်းက ၅ လကျော် ရုံးပိတ်ခဲ့တယ်။ အခုတတိယလှိုင်းမှာလည်း ၂ လကျော် ၃ လနီးပါးပိတ်ထားတော့ နစ်နာမှုတွေရှိတာပေါ့”ဟုပြောသည်။

လက်ရှိတွင် AA အား အကြမ်းဖက်အဖွဲ့မှ ရုပ်သိမ်းထားသော်လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများဖြင့် တရားရင်ဆိုင်နေရသူ ၁၀၀ ကျော်ထိရှိနေသေးပြီး စက်တင်ဘာလတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့်တရားစွဲခံထားသော အမှု ၁၄ မှုမှ ၃၅ ယောက်ကိုသာ လွှတ်ပေးခဲ့သည်။

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲခံခဲရသူ ၂၀၀ ကျော်ရှိခဲ့ပြီး ၎င်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊၅၀(ည)၊၅၀(ဈ)၊၅၂ (က)တို့ဖြင့်တရားစွဲခံထားရခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/375527370920440

Leave a Reply

Your email address will not be published.