By Western News/ 2021 September 9
ရခိုင်ပြည်တွင် အကြမ်းဖက်ဖြင့်တရားစွဲဆိုခံထားရသူများထဲမှ ၄ ဦးစစ်တွေခရိုင် တရားရုံးမှ ယနေ့ စက်တင်ဘာ ၉ ရက်၌ လွတ်မြောက်လာပြီဖြစ်ကြောင်း မိသားစုဝင်များမှပြောသည်။
လွတ်မြောက်လာသူများထဲမှတစ်ဦးဖြစ်သည့် ကိုမောင်ချေ၏ မိခင်ဖြစ်သူ ဒေါ်မအောင်သိန်းက ယခုကဲ့သို့ လွတ်မြောက်လာသည်ကို ဝမ်းသာမိကြောင်း ပြောသည်။
“အဖမ်းခံထားရတာ ၃ နှစ်လောက်ရှိပြီ။ ခုလိုလွတ်လာတော့ဘာပြောမလဲ ဝမ်းသာတာပေါ့။ သူဖမ်းခံတာရတော့ မိသားစုတွေအရမ်းအခက်ခဲဖြစ်ခဲ့တယ်။ သူလုပ်စာနဲ့ မိသားစုရပ်တည်နေရတာ။ သူကကားပဲမောင်းတာပါ တခြားဘာမှလုပ်တာမဟုတ်ပါဘူး”ဟုပြောသည်။
အမှုအားလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေဦးအောင်နိုင်ဝင်းက အမှုနှင့်ပတ်သက်၍ တရားရုံးမှ တစ်စုံတစ်ရာအကြောင်းကြားလာခြင်းမရှိကြောင်း ၁၄ မှုလွတ်ပေးရန်ရှိသည်ဆိုသည်ကို အပြင်သဘောအနေဖြင့်သာသိရခြင်းဖြစ်ကြောင်း ပြောသည်။
“လွတ်လာတာတော့ကျနော်အတည်ပြုလို့ရပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတစ်ယောက်အနေနဲ့ တရားရုံးကအကြောင်းကြားလာတာမရှိဘူး။ အမှု ၁၄ မှုကို ရုပ်သိမ်းလွှာတင်ထားတယ်လို့ အပြင်သဘောနဲ့ပဲကျနော်တို့သိခွင့်ရတယ်။ ခုလွတ်လာတာကိုလည်း ရှေ့နေအသိုင်းအ ဝန်းကပြောလို့ သိရတာ” ဟုပြောသည်။
မြေပုံမြို့နယ် ယိုးချောင်းကျေးရွာမှ လွတ်မြောက်လာသူ ကိုဇော်နိုင်ဝင်းက မြေပုံမှစစ်တွေသို့လာစဉ် ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်ကြောင်း AA နှင့်လည်းတစ်စုံတစ်ရာပတ်သက်မှုမရှိခဲ့ကြောင်း ပြောသည်။
“ကျနော် ၂၀၁၉၊ ၇ လပိုင်း၊ ၂၇ ရက်နေ့က ပုဏ္ဏားကျွန်းရဲစခန်းရှေ့မှာ ဖမ်းခံခဲ့ရတာပါ။ မြေပုံကနေ စစ်တွေကိုလာတဲ့ လမ်းမှာပေါ့။ ဖမ်းပြီးတော့ အကြမ်းဖက်ပုဒ်မ နဲ့တရားစွဲတာပေါ့။ ကျနော်က AAနဲ့ပတ်သက်မ ှုမရှိပါဘူး” ဟုဆိုသည်။
လွတ်မြောက်လာသူများမှာ မြေပုံမြို့နယ် ယိုးချောင်းကျေးရွာမှ ကိုဇော်နိုင်ဝင်း၊ ရသေ့တောင် ပြာပင်ရင်းကျေးရွာမှ ကိုနေလင်းထွန်း၊ ရသေ့တောင်အရှေ့မြောက်ရပ်ကွက်မှ ကိုမောင်ချေနှင့် ပေါက်တောမြို့နယ် ရွာချောင်းကြီး ကျေးရွာမှ ကိုမောင်သန်းဌေး တို့မှဖြစ်ပြီး ရဲမှူး ခင်မောင်အေးက တရားလိုလုပ်ကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ၅၂(က) ဖြင့် စစ်တွေခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများကပြောသည်။
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့်တရားစွဲဆိုခံထားရသူများထဲမှ တစ်ချို့ကိုလွတ်ပေးရန်ရှိကြောင်း ပြည်နယ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း၏ လူမှုကွန်ရက်တွင် ဩဂုတ်လ ၃၁ ရက်နေ့က ရေးသားထုတ်ပြန်မှုရှိခဲ့သည်။
လွတ်ပေးမည့်ထဲတွင် အမှု ၁၄ မှုနှင့် လူအရေတွက်အားဖြင့် ၃၅ ဦးပါဝင်ကြောင်း ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မင်းပြား၊ စစ်တွေ၊ အမ်းနှင့် ကျောက်ဖြူမြို့နယ်တို့မှအမှုများဖြစ်ကြောင်း လည်းပါရှိသည်။
ထိုကဲ့သို့ထုတ်ပြန်ပြီးနောက် ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် ရသေ့တောင်၊ မြေပုံ၊ ပေါက်တော ဘက်မှ အကြမ်းဖက်ဖြင့်စွဲဆိုခံထားရသူ ၄ ဦးလွတ်မြောက်လာခြင်းဖြစ်သည်။
ရခိုင်တွင် အကြမ်းဖက်ဖြင့်တရားစွဲဆိုခံထားရသူများထဲမှ လွတ်မြောက်သူ ၂၄ ဦးရှိပြီဖြစ်ကာ မလွတ်မြောက်သေးသူ နောက်ထပ် ၁၀၀ ကျော်အထိ ကျန်နေသေးကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့၏ အချက်လက်များအရသိရသည်။
https://www.facebook.com/westernnewsagency/posts/367029518436892