အကြမ်းဖက်ပုဒ်မဖြင့် စွပ်စွဲဖမ်းဆီးခံရပြီးနောက် ပြန်လွတ်လာသူတစ်ဦး၌ ချိုင်းအောက်ကိုဝင်နေသည့် ကျည်ဆံကို ခွဲထုတ်ရန်အကူအညီများလိုအပ်နေ

By Narinjara/ 2021 September 30

သန္တာကျော်ဇော

အကြမ်းဖက်မှုပုဒ်မဖြင့် စွပ်စွဲဖမ်းဆီးခံရပြီးနောက် ပြန်လွတ်လာသူ ကျောက်တော်မြို့နယ် မာလာကျေးရွာမှ ရွာသားတစ်ဦး၌ ချိုင်းအောက်ကို ဝင်နေသော ကျည်ဆံကို ခွဲစိတ်ထုတ်ယူရန် အကူအညီများလိုအပ်နေသည်ဟု ကာယကံရှင်က ပြောသည်။

ကျောက်တော်မြို့နယ် မာလာကျေးရွာမှ ကိုသန်းထွန်းမောင် (၂၉ နှစ်) သည် ၂၀၂၀ ပြည့်နှစ် မတ်လတွင် ရွာမှ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့နှင့်အတူ စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးနောက် အကြမ်းဖက်မှုနှင့် စွပ်စွဲခံခဲ့ရသည်။ အမှုကို မြောက်ဦးခရိုင်အချုပ်ထဲမှ ၉ လကြာရင်ဆိုင်ခဲ့ရပြီး ယခုလစက်တင်ဘာ ၁၄ ရက်တွင် တစ်ခြားအကြမ်းဖက်မှုဖြင့် စွပ်စွဲခံရသူ ၁၆ ဦးနှင့်အတူ ပြန်လွတ်မြောက်လာခဲ့သည်။

လက်ရှိတွင် သူ၏ဒဏ်ရာမှာ နာကျင်သဖြင့် ခွဲစိတ်ကုသလိုသော်လည်း ငွေလုံးဝမရှိသဖြင့် ဆေးခန်းမပြနိုင်သည်မှာ တစ်လခန့်ပင်ရှိနေပြီဖြစ်ကြောင်းလည်း ကိုသန်းထွန်းမောင်က နိရဥ္စရာသို့ပြောသည်။

“မြောက်ဦး၊ ကျောက်တော်ဆေးရုံများတွင် သွားရောက်ပြသခဲ့ပေမဲ့ အဲဒီကဆရာဝန်တွေက ရန်ကုန်မှာ ဖြစ်ဖြစ်၊ စစ်တွေမှာဖြစ်ဖြစ် ခွဲစိတ်ရမယ်ပြောတယ်။ အချိန်မီမခွဲစိတ်နိုင်ရင် အသက်အန္တရာယ်ရှိလာနိုင်တယ်လို့လည်း ပြောတယ်။ ခွဲစိတ်ဖို့က သိန်းနှစ်ဆယ်ကျော်လောက် ကုန်မယ်လို့ ခန့်မှန်းထားကြတယ်။ အခုလက်ရှိမှာ ကျနော်က အလုပ်လည်းမလုပ်နိုင်၊ မိသားစုကလည်း စစ်ရှောင်စခန်းမှာ နေရာတော့ ဝင်ငွေလည်းမရှိဘူး။ အရမ်းတွေခက်ခဲနေရတယ်”ဟု ပြောသည်။

၎င်းကျည်ဆံမှာ ညာဘက်လက်မောင်းချိုင်းအောက်တွင် ဝင်ရောက်နေကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၀ ရက်နေ့က ရွာသား ၄ ဦးနှင့်အတူ စက်လှေမောင်းပြီး ကုလားတန်မြစ်ကြောင်းအတိုင်း ထွက်ပြေးစဉ် စစ်ကြောင်းတစ်ခုကပစ်ခတ်၍ စက်လှေပဲ့ကိုင်နေသည့်လက်မောင်းအောက် ချိုင်းကြားကို ကျည်ဆံ ထိမှန်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကိုသန်းထွန်းမောင်သည် ကျည်ဆံဒဏ်ရာကြောင့် အလေးအပင်များလည်း မ,နိုင်ခြင်းမရှိသလို ညအိပ်ရာတွင်လည်း စောင်းအိပ်မိပါက အလွန်နာကျင်ရကြောင်း သူက ဆက်ပြောသည်။

ယင်းအပြင် ကိုသန်းထွန်းမောင်သည် သူနှင့်အတူလွတ်မြောက်လာသူများနှင့် ကျောက်တော်မြို့ရှိ မီးရထားဘူတာစစ်ဘေးရှောင်စခန်းတွင် သွားရောက်ခိုလှုံရန်တောင်းဆိုခဲ့သော်လည်း လက်မခံဘဲ ပြန်လွှတ်ခံလိုက်ရသည်ဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မီးရထားဘူတာစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်ဝင်းကို ဆက်သွယ်မေးမြန်းရာ သူက “လက်မခံဘူးဆိုတာကတော့ အပြင်က ထိုးနှက်ချက်တွေကြောင့်ပါ။ တချို့ကတော့ ရှိတာပေါ့။ ဝင်လိုက်ထွက်လိုက်လုပ်တယ်ပေါ့နော်။ အဲဒါကြောင့် ကျနော်တို့ကလည်း လက်ခံမဲ့ဟာကို ရပ်လိုက်တာပါ”ဟု ဖြေကြားခဲ့သည်။

ထိုပြန်လွတ်လာသူ ၅ ဦးသည် လက်ရှိတွင် ကျောက်တော်မြို့ရှိ ကဝိရတနာ၊ မဟာကံကြီးသျှင်နှင့် သိမ်ပြင်ကျောင်း စသည့် စစ်ဘေးရှောင်စခန်းများတွင် တရားဝင်အထောက်အပံ့မရဘဲ ယာယီနေထိုင်နေကြကြောင်း သိရသည်။

၎င်းတို့ ၅ ဦးဖမ်းဆီးခံခဲ့ရစဉ်က မာလာရွာမှ ဦးဦးသန်းမောင်ဆိုသူသည်လည်း ဖမ်းဆီးခံခဲ့ရပြီး ယနေ့အချိန်အထိ အစအနမရဘဲ ပျောက်ဆုံးနေကြောင်းလည်း သိရသည်။

လက်ရှိတွင် မာလာကျေးရွာသားများသည် ရွာအနီးအနားတွင် စစ်တပ်မှ နေရာချလုံခြုံရေးယူထားပြီး နေအိမ်များလည်း ပျက်စီးလျက်ရှိနေသောကြောင့် နေရပ်မပြန်နိုင်သေးဘဲ ကျောက်တော်မြို့ရှိ စစ်ဘေးရှောင်စခန်းအသီးသီးတွင် နေထိုင်နေရကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4736854196326620

Leave a Reply

Your email address will not be published.