By Narinjara/ 2021 September 7
နှင်းနွယ်နီ
ရွှေစျေးကွက်တည်ငြိမ်မှုမရှိဖြစ်နေသည့် မြန်မာနိုင်ငံတွင် ယနေ့ စက်တင်ဘာလ ၇ ရက်၌ အကယ်ဒမီ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် ၁၈ သိန်းကျော်အထိ စံချိန်တင်မြင့်တက်လာခဲ့သည်။
ယခုကဲ့သို့ ရွှေစျေးမြင့်တက်လာသည့်အတွက် ရခိုင်ပြည်နယ်ရှိ ရွှေဆိုင်များတွင်လည်း အရောင်းအဝယ်များရပ်နားနေကြောင်း ရွှေဆိုင်ပိုင်ရှင်များထံမှ သိရသည်။
စစ်တွေမြို့မှ မြင့်မိုရ်ရိပ်ရွှေဆိုင်ပိုင်ရှင် ကိုစိုးသန့်အောင်က “ရွှေစျေးတက်တော့ လာဝယ်မဲ့သူတွေကလည်း နည်းနည်းစဉ်းစားနေကြတယ်ထင်ပါတယ်။ ရွှေစျေးကလည်း တက်လိုက်ကျလိုက်ဖြစ်နေတော့ ဝယ်ဖို့မဝယ်ဖို့စဉ်းစားနေကြမယ်ထင်တယ်။ အရောင်းအဝယ်ကတော့ အရင်ကထက်စာရင် နည်းတာပေါ့။” ဟုပြောသည်။
၁၆ ပဲရည် ရွှေတစ်ကျပ်ကို သြဂုတ်လ ၁၇ ရက်က ၁,၇၀၀,၀၀၀ ဝန်းကျင်အထိ စျေးမြင့်တက်ခဲ့ရာမှ ၁,၆၅၀,၀၀၀ ဝန်းကျင်အထိ ပြန်ကျသွားခဲ့ပြီး ယနေ့တွင် ပြန်လည်ကာ ၁၆ ပဲရည်ရွှေတစ်ကျပ်ကို ငွေကျပ် ၁၈ သိန်းကျော်အထိ ရွှေစျေးမြင့်တက်လာခြင်းဖြစ်သည်။
ကျောက်တော်မြို့မှ ကောင်းရတနာရွှေဆိုင်ပိုင်ရှင် ဦးညွန့်မောင်ကလည်း “ရွှေစျေးတက်တော့ အရောင်းအဝယ်ကတော့ မဖြစ်ပါ။ ရောင်းသူ၊ ဝယ်သူလည်း မရှိဘူး။ ပေါင်မဲ့သူလည်း နည်းသွားတယ်။ ရွှေစျေးတက်တော့ ရောင်းမဲ့သူလည်း မရောင်းဝ့ံ။ ဝယ်မဲ့သူလည်း မဝယ်ဝံ့ဘူးလို့ ထင်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ရွှေစျေးများမြင့်တက်နေ၍ ပိတ်သည့်ရွှေဆိုင်များပိတ်ထားပြီး အချို့ဆိုင်များမှာ ဖွင့်ရုံမျှသာဖွင့်ထားကြောင်း သိရသည်။
ယနေ့တွင် ၁၆ ပဲရည် ရွှေအဖွင့်စျေးကို ၁,၇၄၅,၀၀၀ နှင့်ဖွင့်ခဲ့ရာမှ ညနေပိုင်း အပိတ်စျေးမှာ ၁,၈၁၅,၀၀၀ နှင့် ပိတ်သွားကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/4661791270499580