သံသယ သူပုန်တွေနဲ့ ကမ္ဘာရွာ

By Development Media Group (DMG)/ 2021 September 27

(ESSAY/ရသဆောင်းပါး)

“အမေ ကျွန်တော့်ကို ရေမတိုက်ပါနဲ့တော့ ………. ကျွန်တော် သိပ်မကြာတော့ဘူးထင်တယ် ……… မကြာခင်သေ ရတော့မှာပါ။ အထဲက ကလီစာတွေကြေမွနေပါပြီ……အမေ …. ရေမတိုက်ပါနဲ့တော့၊ သားအရမ်းမွန်းကြပ် တယ်အမေ” ဒီစကားက သံသယနဲ့ဖမ်းဆီးခံရပြီး စစ်ကြောရေးအတွင်း ရက်ရက်စက်စက်နှိပ် စက်ခံရကာ သေဆုံးသွားရတဲ့ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာက လက်သမားကလေး ဇော်ဝင်းလှိုင်က ဆုံးခါနီး စစ်တွေဆေးရုံကြီးမှာ သူ့အမေကိုပြောခဲ့တဲ့စကားဖြစ်တယ်။

ဒဏ်ရာဒဏ်ချက်ပေါင်းများစွာနဲ့ ရက်ရက်စက်စက်နှိပ်စက်ခံရတဲ့ သားဖြစ်သူရဲ့ဝေဒနာကိုမကြည့်ရက်တဲ့ အမေခမျှာ ရေလေးများ ဝင်လေမလား၊ ရေကလေးတစ်စက်လောက်များ သောက်ချင်လေမလား ဆိုတဲ့ စိတ်ကလေးနဲ့ သားကိုရေတိုက်ဖို့ လုပ်တဲ့အချိန်ပြောခဲ့စကားဖြစ်တယ်။ “အမေခမျာ ဘယ်လိုများခံစားရလေမှာလဲ” ။

မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာက ၁၇ ဦးအဖမ်းခံရတယ်။ ၃ ဦးဟာ စစ်ကြောရေးမှာဆုံးသွားတယ်။ မိသားစုတွေဟာ အလောင်းကိုတောင်မြင်ခွင့်မရခဲ့ကြပါဘူး။ ဆုံးသွားတဲ့ထဲက ငါးရှာရင်းဖမ်းဆီးခံရတဲ့ တစ် ယောက်မှာ ကလေး ၃ ယောက်တောင်ရှိတယ်။ ကလေးတွေက အဖေဘယ်တော့ပြန်လာမှာလဲ လို့ မေးတဲ့အကြောင်း ငိုပြီးတော့မီဒီယာတွေကို ပြောတဲ့ဇနီးတစ်ယောက်ရဲ့ ခံစားချက်တွေဟာ ဘယ်လောက်များ နာကြင်ရလေမှာလဲ။ ဒီလို သံသယနဲ့ဖမ်းဆီးခံကြရင်း သေဆုံးသူတွေအများကြီးပါပဲ။ မြောက်ဦးက သုံးဘီးဆိုင် ကယ်မောင်းတဲ့ ကိုဦးအေးကျော်ကို နံနက်ပိုင်းကဖမ်းတယ်။ မနက်အစောကြီး အလောင်းကို မြောက်ဦး ဆေးရုံကိုပို့လိုက်ကြတယ်။ တစ်ညကြာခဲ့တယ်။ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ဘယ်သူမှ မသိနိုင်ခဲ့ဘူး။ အဲဒီတုန်းက ကျွန်တော်ပြောနိုင်ခဲ့တဲ့ တစ်ခွန်းတည်းသောစကားက ရက်စက် လိုက်ကြတာဗျာ … ဆိုတာပါပဲ။ အဖြေကတော့ သေနတ်လုလို့တဲ့။

၂၁ ရာစုရဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ကမ္ဘာရွာကြီးထဲမှာ ကျွန်တော်တို့တွေ ဘယ်လိုခံစားခဲ့ရသလဲဆိုတာ လူတချို့ မသိခဲ့ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ အင်တာနက်ပိတ်ထားခြင်းခံရလို့ပါ။ စစ်တွေမြို့နယ် ချီလိုင်ဖင်းကျေးရွာက ကောင်လေး မင်းချောင်းတံတားအောက်က ဂဏန်းဒိုင်မှာအလုပ်လုပ်ရင်း ညနေဘက် အိမ်ပြန်လာ မင်းချောင်းတံတားပေါ်က သေနတ်နဲ့လှမ်းပစ် ပွဲချင်းပြီးသေရော။ တကယ်တော့ သူအလုပ်လုပ်တဲ့နေရာနဲ့ သူ့နေတဲ့ရွာဟာ ဆိုင်ကယ်နဲ့ ၁၀ မိနစ်တောင် သွားရတဲ့ခရီးမဟုတ်ပါ။ ဝါးလုံးသေးသေးလေးတွေနဲ့ ဖြစ်သလိုတည်ဆောက်ထားတဲ့ တဲအိမ်သာသာရှိတဲ့ အိမ်ကလေးထဲမှာ သူ့ဇနီးစောင့်နေခဲ့ရှာတယ်။ သေဆုံးသူယောက်ျားက မိန်းမ ဒီနေ့ငါလာရင် ဒီအင်္ကျီလေးဝတ်လို့ မြင်ချင်တယ်ဆိုတဲ့အသူ သူ့ယောကျ်ားပြောတဲ့အတိုင်း ဝတ်ထားခဲ့တယ်။ အဲဒီမိန်းကလေးအိမ်ကို ကျွန်တော်ရောက်သွားတဲ့အချိန်ဟာ သူ့ယောကျ်ားကို သင်္ဂြိုလ်လိုက်ကြပြီဖြစ်ပေမဲ့ အဲဒီအင်္ကျီလေးကို ဝတ်ထားဆဲပါပဲ။ အဲဒီမိန်းကလေးရော ဘယ်လိုများ ခံစားရလေမှာလဲ။

ကျောက်တော်မြို့က ပလတ်စတိတ်ဘူးခွံတွေ လိုက်ကောက်နေတဲ့လူကို တပ်ကဖမ်းသွားတယ်။ သိပ်မကြာဘူး ခန္ဓာကို အပိုင်းလိုက်ခုတ်ထစ်ပြီး ဆာလာအိပ်ထဲထည့် ကျောက်ဆွဲပြီး အလောင်းဖျောက် ထားတာပေါ် လာတယ်။ ပုတ်ပွနေပြီဖြစ်ပေမယ့် ဘယ်သူဘယ်ဝါဆိုတာ ဘယ်လိုမှတ်မိသလဲ မမေးပါနဲ့ဗျာ။ မြင်ရသူတိုင်း နာကြင်ခံစားရပါတယ်။ ပုတ်ပွပြီး ပြတ်ထွက်နေတဲ့ လက်ပေါ်မှာ သူချစ်တဲ့ သူ့ဇနီးရဲ့မည်ကို တက်တူး ထိုးထားတယ်။ “စုလှိုင်ဝင်း” တဲ့။ ကလေးသေးသေးလေးတစ်ယောက်နဲ့ ကျန်ရစ်သူ အမျိုးသမီးရဲ့ ရင်ဘတ်ထဲကို ဝင်သာကြည့် လိုက်ကြပါတော့။

ကျွန်တော်တို့ မလုံခြုံတဲ့အရပ်မှာနေခဲ့ကြရတယ်။ ကျွန်တော်တို့ဟာ ကြောက်စရာကောင်းတဲ့ သူတွေနဲ့ တွေ့ဆုံခဲ့ ရတယ်။ ကျွန်တော်တို့ဟာ ရက်စက်မှုပေါင်းသရဖူဆောင်းသူတွေရဲ့ အကြည့်တွေအောက်မှာ သံသယ သားကောင် တွေဖြစ်ခဲ့ကြရတယ်။ သူတို့ရဲ့ အကြည့်တွေအောက်မှာ ကျွန်တော်တို့ဟာ သံသယသူပုန်တွေပေါ့။ ကျွန်တော်တို့ဟာ အချိန်မရွေးသူပုန်တွေဖြစ်သွားနိုင်သလို၊ ကျွန်တော်တို့ဟာ အချိန်မရွေးဖမ်းဆီးနှိပ်စက်မှု တွေခံရနိုင်တယ်။ အဲဒီလိုပါပဲ တစ်ဖက်မှာလည်း ကျွန်တော်တို့ဟာ အချိန်မရွေး သစ္စာဖောက်ဖြစ်သွားပါတယ်။

ဒီစာစုကိုရေးဖို့အတွက် ကျွန်တော့်ရင်ဘတ်ထဲမှာ ပြောမထွက်တဲ့စကားလုံးတွေအများကြီးပါ။ တကယ့်ဖြစ်ခဲ့ တာတွေဟာ ကျွန်တော်ရေးတဲ့စာထက် အဆပေါင်းများစွာသာခဲ့ပါတယ်။ ကျောက်တော်မြို့ပေါ်မှာ ကလေး သေးသေးလေးတစ်ယောက်ကိုပစ်သတ်လိုက်ကြတယ်။ ရသေ့တောင်မြို့နယ်က ကလေး သေးသေးတစ် ယောက်ကိုပစ်လိုက်ကြတယ်။ အဲဒီကလေးလေးခမျာ စစ်တွေဆေးရုံကြီးက ရန်ကုန်ကိုအသွား လမ်းပေါ်မှာဆုံး သွားရှာတယ်။ ရသေ့တောင်မြို့နယ်၊ မင်းဖူးရွာက မရီရီစိုး အသက် ၁၉ နှစ်ဟာ ပစ်သံတွေကြားလို့ ကြောက်ကြောက်နဲ့ အိမ်ပေါ်တက်ပြေးရင်း ဦးခေါင်းကိုကျည်ထိ ပွဲချင်းပြီးသေဆုံးခဲ့ရရှာတယ်။ သွေးအိုင်ထဲက သမီးဖြစ်သူကိုဖက်ရင်း မျက်ရည်ခမ်းလုမတတ်ငိုခဲ့ရတဲ့ အမေ။ ဒီအမေတွေ၊ ဒီဇနီးမယားတွေမျက်ရည်တွေဟာ ဘယ်ပင်လယ်ဆီစီးခဲ့ပါသလဲ။ ဘယ်သမုဒ္ဒရာဆီမျောသွားခဲ့သလဲ။ ရင်ဘက်ထုပြီး ငိုခြင်းမှတပါး တစ်ခြားမရှိခဲ့တဲ့ ဘဝတွေ။ ဒါ ကျွန်တော်တို့ရဲ့ ကမ္ဘာရွာကြီးထဲက ရခိုင်ပြည်နယ်မှာ တကယ်ရှိခဲ့ပါတယ်။ တကယ်ကြုံခဲ့ကြရပါ တယ်။

ရသေ့တောင်၊ စည်တောင်ကမိသားစုတွေ ဗုံးကျင်းထဲမှာပုန်းနေတုန်း ပစ်သတ်ခံလိုက်ရတယ်။ မနက်လင်းတော့ ကလေးရော၊ လူကြီးပါခွေခွေကလေး သွေးအိုင်ထဲမှာ သေနေကြပြီ။ မြောက်ဦးမြို့နယ်ပန်းမြောင်းမှာ လက်နက် ကြီးကျလို့ ကလေး ၃ ဦးပွဲချင်းပြီးသေကြတယ်။ ဗိုက်တွေ ပွင့်ထွက်သွားတယ်။ ၁၀ တန်းကျောင်းသူလေး တစ်ယောက်နဲ့ ကလေး ၂ ယောက် အဲဒီကလေး ၂ ယောက်ထဲမှာ ပိစိညှောင့်လေးတစ်ယောက်ပါသေးတယ်။ သူ့အဖေနဲ့ အမေဟာ ပန်းမြောင်းရွာမှာမရှိဘူး။ ထိုင်းသွားပြီး အလုပ်လုပ်နေကြတာ။ အဖိုးအဖွားနဲ့ သား သမီးကိုထားပြီး ရေကြည်ရာ မြေနုရာရှာရင်း ဝမ်းတထွာထိန်းကျောင်းနေစဉ် အခုလိုအဖြစ်ဆိုးကြုံရပြီ။ ဇနီးနဲ့ သမီးအရင်းက ဆေးရုံပေါ်မှာ ဝမ်းကွဲသမီးဦးနဲ့ မြေးကလေးက အိမ်ရှေ့က အလောင်းတင်ထားတဲ့ စင်ပေါ်မှာ လဲလျောင်းလို့ အဖိုးဖြစ်တဲ့ အသက် ၆၀ ကျော်အရွယ် ယောက်ျားရင့်မာကြီး တစ်ယောက်ရဲ့ မျက်ရည်စက်တွေဟာ လေးမြို့မြစ်ထဲ စီးကျလေရဲ့။

မနက်စာစားဖို့ ပြင်ဆင်ထားတဲ့ ထမင်းအိုးမှာ လက်နက်စထိလို့ ပွင့်ထွက်နေပေမယ့် ထမင်းအပြည့်ရှိ နေသေးတယ်။ လတ်ဆတ်တဲ့လေးမြို့ရဲ့ မျှစ်ဟင်းတစ်အိုးဟာလည်း ပကတိအတိုင်းပဲရှိ နေသေးတယ်။ သူတို့မိ သားစု ဝိုင်းဖွဲ့ပြီးစားသောက်မဲ့ နံနက်ခင်း ကျေးလက်ထမင်းဝိုင်းလေးထဲကို မရဏမင်းကြီးတွေပစ်လိုက်တဲ့ လက်နက်ကြီးထိတော့ သွေးချောင်းအတိလွှမ်းခဲ့ရတယ်။ ကလေးတွေခမျာ နံနက်စာမစားခဲ့ရပါဘူး။ အဲဒီနေ့ကလိုမျိုး မြင်ကွင်းတွေကို ကျွန်တော်ဘယ်တော့မှ မကြည့်ရ၊ မမြင်ရပါစေနဲ့လို့ ဆုတောင်းမိခဲ့တာဟာ ကမ္ဘာရွာကြီးထဲမှာ ကျွန်တော်တစ်ယောက်ထဲ ကိုယ်လွတ်ရုန်းသလိုဖြစ်ခဲ့ရလေသလား။

မြေပုံမြို့နယ်မှာ လက်နက်ကြီးကျလို့ ပညာရေးဝန်ထမ်း ဆရာမနဲ့ သူ့ရဲ့ သမီးလေးအပါဝင် ၄ ဦးဆုံးခဲ့ရတယ်။ ၁၁ ဦးဒဏ်ရာရကြတယ်။ ဇနီးနဲ့ သမီးတို့ သွေးအလိမ့်လိမ့်လူးလို့ သေပွဲဝင်နေချိန် အသက်ကလေးများ ရပါလေဦး မလားလို့ဆိုတဲ့ ဇောနဲ့ သမီးလေးကိုပွေ့ချီပြီး ဆေးရုံကိုပြေးခဲ့တဲ့ အဖေတစ်ယောက်ကို ဇာတ်တော်ထဲက ပဋာစာရီနဲ့များနှိုင်းရလေမလား။

ကျွန်တော်ရွာမှာရှိတုန်းက ကျွန်တော့်သူငယ်ချင်းရဲ့ အစ်ကိုအပါဝင် ၅ ဦးအဖမ်းခံရတယ်။ သူတို့ဟာ ပုဏ္ဏားကျွန်းက အသုဘတစ်ခုကိုသွားကြတာ။ ၅ ယောက်လုံးကိုဖမ်းပြီး အဲဒီကန်စောက်တောင်အောက်ကတပ်မှာ ရိုက်နှက်၊ စစ်ဆေးခံရတယ်။ ၃ ရက်လောက်ကြာခဲ့တယ်ထင်တယ်။ ကျွန်တော့်သူငယ်ချင်းရဲ့ အစ်ကိုနဲ့နောက်တစ် ယောက်ပြန်လွတ်လာခဲ့တယ်။ ကျွန်တော်သတင်းသွားမေးတော့ “ငါ့ကို အေအေကဗိုလ်အထင်နဲ့ အများကြီးရိုက် တာတဲ့” တကယ်တော့သူက ဆိုင်ကယ်ဝပ့်ရှော့လုပ်နေတဲ့လူသာဖြစ်တယ်။ လွတ်လာပြီးနောက်ပိုင်း ဆေးခန်း တွေတောင် မနည်းသွားလိုက်ရသေးတယ်။

တင်းမကျေးရွာ၊ လက္ကာကျေးရွာတွေ မီးရှို့ခံရတယ်။ အဲဒီအထဲအဆိုးဆုံးကတော့ ရန်ကုန်-စစ်တွေကား လမ်းမပေါ်မှာရှိတဲ့ တောင်ပေါက်နဲ့၊ ဘုရားပေါင်းကျေးရွာတွေပါပဲ။ အိမ်ခြေရာချီမီးလောင်တဲ့အထဲပါသွားတယ်။ အဲဒီရွာက လူနှစ်ယောက်ပစ်သတ်ခံရတယ်။ ဝမ်းစာစပါးတွေမီးထဲပါသွားပြီ။ နေစရာအိမ်မရှိတော့ဘူး။ နှစ်ပေါင်းများစွာတည်ဆောက်လာခဲ့တဲ့ အသိုက်အမြုံဟာ အခုတော့ တခဏအတွင်း ဖျက်ဆီးခံလိုက်ရလေပြီ။ ပြာပုံကလေးကို လက်နဲ့ကိုင်ကာ ပွတ်သပ်ရင်း မျက်ရည်စီးကျခဲ့ရတဲ့ အမျိုးသမီးတွေအတွက် ကံကို ပုံသာချလိုက်ရတော့မှာလား။ ဒါမှမဟုတ် မီးရှို့တဲ့ သူတွေကိုပဲ အပြစ်တင်ရလေမှာလား။ အတွေးပေါင်းများစွာနဲ့ အံကြိတ်ငိုနေခဲ့ကြရပါတယ်။

ဒါတွေတောင် ဘယ်ကပါ့မလဲ ရသေ့တောင် ချိန်ခါလီကျေးရွာက ဦးမောင်ထွန်းစိန်ဟာဆိုရင် အသက် ၆၀ ရှိပြီး နေအိမ်ပေါ်ကဆွဲချ၊ နရင်းပါးရင်းအုပ်၊ သေနတ်ဒင်နဲ့ထု အဖိုးကြီးခမျာ ငိုယိုပြီးတောင်ပန်ပေမယ့် အလွတ်မပေး ခဲ့ကြဘူး။ ရင်ဘတ်တည့်တည့်ကို သေနတ်နဲ့ ဇနီးသည် ရှေ့မှာတင် ပစ်သတ်ခဲ့ကြတယ်။ နောက်ဆုံးတော့ သူ့အလောင်းကို အိမ်သာကျင်းထဲ ပစ်ထည့်ထားကြတာကို ရွာသွာတွေတွေ့သွားခဲ့ကြတယ်။ ကျန်ရစ်သူတွေ အတွက် ဘယ်သူများကိုယ်ချင်းစာလေမှာလဲ။ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာက ရွာသား ၂၁ ဦးဟာ ဖမ်းဆီးခံရတာ အခုအချိန်ထိ သတင်းအစအနတောင် မရကြသေးဘူး။ မိသားစုတွေဟာ မျော်လင့်ချက်များစွာနဲ့ အခုအချိန်ထိ သူတို့ပြန်လာလေမလားဆိုတာကို စစ်ရှောင်စခန်းတွေဆီကနေ စောင့်ဆိုင်းနေကြတုန်းပါပဲ။

ကျောက်တော်မြို့နယ်က ဆယ်တန်းကျောင်းသားကလေး ဇော်နိုင်ဌေး ဆိုင်ကယ်ဆီဖြည့်နေရင်း ဖမ်းဆီးခံရတယ်။ သူပြန်လွတ်လာတော့ သူခမျာ ဝေဒနာတွေများစွာနဲ့ ထမင်းမစားနိုင်၊ ရေမသောက်နိုင်၊ စကားမပြော နိုင်ဖြစ်ခဲ့ရတယ်။ အဲဒီထဲ အဆိုးရွားဆုံးက လူသုံးလေးယောက်စုလို့ မြင်ရင် စစ်သားလာတယ်ဆိုပြီးတော့ စိတ်တွေဟာ ပုံမှန်မဟုတ်တော့တဲ့ အခြေအနေအထိကိုဖြစ်သွားခဲ့ရတယ်။ ဘာတွေလုပ်လိုက်ကြသလဲဆို တာတော့ ကျွန်တော်တို့တွေ ဘယ်သိပါ့မလဲ။

စစ်ပွဲဖြစ်တဲ့ ကာလတစ်လျှောက်လုံး ဖမ်းဆီးခံရတာတွေ၊ သေဆုံးသွားတာတွေ ဒါတွေအားလုံးကို ကျွန်တော်တို့ ကိုယ်ချင်းစာနာတတ်ဖို့လိုလိမ့်မယ်။ သားသေအမေတွေ၊ လင်သေမုဆိုးမတွေ၊ အဖေမရှိတော့တဲ့ ကလေးတွေ၊ မီးလောင်ပြင်ကြီးတွေ၊ ပြာငွေ့ငွေ့ပေါ်ကျနေတဲ့ မျက်ရည်စက်တွေ၊ အမေတွေရဲ့ ရင်ဘတ်ထဲက ပူလောင် သောကတွေ၊ ဇနီးမယားတွေရဲ့ နှလုံးအိမ်ထဲက ငိုကြွေးခြင်းတွေ၊ ဝမ်းစာစပါးတွေကို စွန့်ပစ်ကြရင်း အသက် ဘေးလွတ်ရေးအတွက် အပြေးအလွှားနဲ့ စစ်ရှောင်စခန်းတွေဆီမှာ မျက်နှာကလေးငယ်ငယ်နဲ့ နေနေကြရရှာ တယ်။ ဒီလူတွေဟာ မျှော်လင့်ချက်တွေမဲ့လို့ လစဉ်ထောက်ပံ့ပေးတဲ့ ဆန်ရိက္ခာကလေးတွေကို မျော်နေလေကြရဲ့။

ဟိုး …………….. ဥဂါကျေးရွာက အမျိုးသမီးဆိုရင် သူ့မှာ မြေးကလေးတောင်ရနေရှာပြီ။ ဒါကိုတောင် အလွတ်မပေး အဓမ္မပြုကျင့်ခဲ့ကြတာကိုကြည့်ရင် ဘယ်လောက်ထိရက်စက်ခဲ့ကြသလဲဆိုတာကို ခန်းမှန်းနိုင်ကြ မှာပါ။ သား၊ သမီးလေးယောက်ရဲ့ အမေ ယောကျ်ားက မလေးကိုသွားပြီး အလုပ်လုပ် ရလာတဲ့ငွေကလေးတွေကို မိသားစုဆီပို့နဲ့ ဆင်းရဲကျပ်တည်းစွာ ဘဝကိုဖြတ်သန်းခဲ့ကြပေမယ့် သူ့မကို ငရဲခန်းထဲပို့ခဲ့ကြတယ်။ အဲဒီအမျိုးသမီး ငရဲခန်းထဲမှ ပြန်အလာမှာတော့ သူချစ်လှစွာသော လင်ယောကျ်ားက စကားမပြောတော့ဘူး။ အဲဒီ သူပုန်အမျိုးသမီးရော ဘယ်လိုများ ခံစားလေရမှာလဲ။

အမှားအမှန်ကိုခွဲခြားလို့မရတဲ့ ကမ္ဘာရွာကြီးထဲမှာ ကျွန်တော်တို့နေထိုင်ခဲ့ရပါတယ်။ ကျွန်တော်တို့ အသက်ရှုသံ တိုင်းဟာ သံသယတွေများစွာနဲ့ အဲဒီတုန်းက ရခိုင်တစ်ယောက်လို့ မိမိကိုယ်ကို ခံယူမဲ့အစား သူပုန်တစ်ယောက် လို့သာ ခံယူလိုက်ချင်ခဲ့မိတယ်။ ကြေကွဲနာကျင်မှုတွေကို ငယ်သံပါအောင် ဟစ်အော်ပြီး ဖြေသိမ့်ဖို့ ကျွန်တော်တို့ ခွင့်မပြုခဲ့ကြပါဘူး။ ကျွန်တော်တို့ရဲ့ မျက်ရည်စက်ပေါင်းများစွာ၊ ကျွန်တော်တို့ရဲ့ သွေးစက်ပေါင်းများစွာကို ဖေးကူသုတ်ပေးမယ့် ပဝါစကလေး တစ်ခုတစ်လေတောင်ရှာမတွေ့ခဲ့ပါဘူး။

သူပုန်ပြည်ထဲက၊ သူပုန်တွေနေတဲ့ မြို့ပြကနေ ကျေးလက်အထိ သောကပေါင်းမျိုးစုံနဲ့ သံသယပေါင်းများစွာ အောက်မှာ အဖိုး၊ အဖွား၊ အမေ၊ အဖေ၊ ကလေး၊ လူကြီး အားလုံးဟာ သူပုန်တွေဖြစ်ခဲ့ကြရပါတယ်။ အဲဒီတုန်းက ကျွန်တော်ဟာလည်း သံသယထဲက သူပုန်တစ်ကောင်ပါပဲ။ ဒါကြောင့် ကျွန်တော့်လို သံသယသူပုန်တစ် ကောင်ရေးတဲ့စာအပေါ်မှာ စာဖတ်သူတွေ မျက်ရည်မကျမိကြပါစေနဲ့လို့ ဆုတောင်း ရင်း ……။

@ဧကရာဇ်_ရေးသားသည်

ယခုပုံသည် စစ်ကြောရေးမှပြန်လွတ်လာပြီး စစ်တွေဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည့် ဇော်ဝင်းလှိုင်၏ပုံနှင့် ထမင်းအိုးမှာ ၂၀၁၉ ခုနှစ် ၈ လပိုင်းက ပန်းမြောင်းကျေးရွာလက်နက်ကြီးထိပြီး ကလေးသုံးဦး သေဆုံးခဲ့ဖြစ်စဉ်မှ အမြှောက်ဆန်ထိပြီးကျန်ခဲ့သည့် ထမင်းအိုးပုံဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/2119555208196879

Leave a Reply

Your email address will not be published.