သံတွဲ သိမ်ကုန်းဘုန်းကြီးကျောင်းတွင် သံဃာတော် ၆ ပါးနှင့် ကပ္ပိယ ၁ ဦး၌ ကိုဗစ်ပိုးတွေ့၍ ကျောင်းတစ်ခုလုံးကို lock down ချ

By Narinjara/ 2021 September 1

သဥ္ဇာနွယ်

ဓာတ်ပုံ – သိမ်ကုန်းကျောင်းတိုက်အတွင်း ကိုဗစ်ပိုးစစ်ဆေးခဲ့စဉ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့ အမှတ် ၄ ရပ်ကွက် ဗိုလ်ကုန်းတောင်ပေါ်ရှိ သိမ်ကုန်းကျောင်းတိုက်တွင် သံဃာတော် ၆ ပါးနှင့် ကပ္ပိယ ၁ ဦး၌ ကိုဗစ်ပိုးတွေ့၍ ကျောင်းတစ်ခုလုံးကို lock down ချလိုက်ကြောင်း သတင်းရရှိသည်။

သြဂုတ် ၃၁ ရက် ည ၁ဝ နာရီခန့်တွင် ကျောင်းရှိ သံဃာတော် ၇ ပါးနှင့် ကပ္ပိယကျောင်းသား ၆ ဦးအားစစ်ဆေးရာမှ ယခုကဲ့သို့ ပိုးတွေ့ရှိခဲ့၍ ကျောင်းကို ယာယီ lock down ချမှတ်လိုက်ခြင်းဖြစ်သည်ဟု သိမ်ကုန်းကျောင်းဆရာတော် ဦးတေဇိန္ဒက နိရဥ္စရာကို မိန့်သည်။

“ဆရာတော် ကိုဗစ်မတွေ့ခင်ကတည်းက ကျန်ခဲ့တဲ့ သံဃာတော် တစ်ပါးက ဖျားနေတာ ကြိတ်ပြီးကုတယ်။ ဘယ်သူံကိုမှမပြောပြဘူး။ ဆရာတော် အခုဆေးရုံကနေ ဆရာဝန်တွေကို ကျန်ခဲ့တဲ့သံဃာတော်တွေကို ပိုးစစ်ခိုင်းတာ ပိုးတွေ့တယ်လို့ပြောတယ်။ ပိုးမကူးတာ ကိုရင်လေး တစ်ပါးပဲရှိတယ်။”ဟု မိန့်သည်။

၎င်းကျောင်းတိုက်တွင် သြဂုတ် ၂၅ ရက်ကလည်း သံဃာတော် ၃ ပါး ကိုဗစ်ကူးစက်ခံခဲ့ရသေးသည်။ ယနေ့အထိဆိုလျှင် အဆိုပါကျောင်းအတွင်း ကိုဗစ်ကူးစက်ခံရသူ သံဃာတော် ၉ ပါးနှင့် ကပ္ပိယ ၁ ဦးတို့ရှိသွားပြီဟု သိရသည်။

သံတွဲဒေသခံ ဦးထွန်းသန့်ကျော်ကလည်း “ည ၁၀ နာရီလောက်မှာ ပိုးတွေ့တော့ ဆေးရုံကို တစ်ခါတည်း ပင့်သွားတယ်”ဟု နိရဥ္စရာသို့ ပြောသည်။

ယခုလက်ရှိ သံတွဲမြို့နယ်တွင် ကိုဗစ်ကူးစက်ခံရသူ ၃ဝ၈ ဦးနှင့် သေဆုံးသူ ၃၃ ဦးအထိရှိနေပြီဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့စာရင်းအရ သိရသည်။

https://www.facebook.com/narinjara.info/posts/4642204972458210

Leave a Reply

Your email address will not be published.