သံတွဲမြို့တွင် အမျိုးသားတစ်ဦးကိုဝိုင်းဝန်းထိုးကြိတ်ပြီး ဓားဖြင့်ထိုးသတ်ခဲ့သည့် လူငယ်ငါးဦးအား ဖမ်းဆီးအမှုဖွင့်ထား

By Development Media Group (DMG)/ September 1

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အမျိုးသားတစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်ပြီး ဓားဖြင့်ထိုးသတ်ခဲ့သည့် ဆယ်ကျော်သက်လူငယ်လေးဦးအပါအဝင် စုစုပေါင်းငါးဦးတို့ကို သံတွဲမြို့နယ်၊ ဂျိတ္တောနယ်မြေရဲစခန်းက ဖမ်းဆီးအမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

သြဂုတ် ၂၅ ရက် နံနက် ၁၁ နာရီခန့်တွင် သံတွဲမြို့နယ်၊ ငပလီမြို့၊ မြပြင်ရပ်ကွက်၊ ငှက်စစ်တောင်ပေါ်လမ်းဘေးတွင် လူတစ်ဦးဒဏ်ရာများဖြင့်သေဆုံးနေကြောင်းသိရသဖြင့်

သက်ဆိုင်ရာရဲတပ်ဖွဲ့မှသွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဂွမြို့နယ်၊ ဘေးအင်းကျေးရွာနေ လယ်လုပ်သည့် ဇော်မင်းထွန်း(၂၅)နှစ်ဆိုသူဖြစ်သည်ဟုသိရကြောင်း ရဲမှတ်တမ်းအရသိရသည်။

သေဆုံးသူ ဇော်မင်းထွန်းမှာ ငှက်စစ်တောင်ပေါ်လမ်း၏ ညာဘက်ခြမ်းလမ်းဘေး ဝါးရုံပင်အောက်တွင် သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း သိရသည်။

ယင်းသေဆုံးမှုနှင့်ပတ်သက်၍ မသင်္ကာသူ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်နေ ရေလုပ်သားဖြစ်သည့် အောင်မင်းနိုင်(၂၁)နှစ်ကို ခေါ်ယူစစ်ဆေးခဲ့ရာ ၎င်းမှယင်းပြစ်မှုကို တစ်ရပ်ကွက်တည်းနေ ဝင်းမောင်း(၁၉)နှစ်၊ စိုးမင်းဟိန်း (၁၉)နှစ်၊ ဇော်လင်းဦး(၁၈)နှစ်နှင့် ကျော်လင်းနိုင်(၁၆)နှစ်တို့နှင့်အတူ ကျူးလွန်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြသည်။

ကျူးလွန်ရာတွင်ပါဝင်သည်ဟု သံသယရှိသူငါးဦးလုံးကို ဖမ်းဆီးစစ်ဆေးရာ သြဂုတ် ၂၄ ရက် ည ၁၀ နာရီခန့်တွင် ၎င်းတို့ငါးဦးသည် ဂျိတ္တောတံတားအနီးတွင် အရက်အတူတူသောက်နေပြီးလမ်းလျှောက်ပြန်လာသည့် ဇော်မင်းထွန်းကိုရန်စကာ ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြကြောင်း၊ ထိုးကြိတ်ခံရမှုကြောင့် ဇော်မင်းထွန်းမှာ လဲကျသွားစဉ် အသင့်ပါလာသည့် အရိုး၊အသွား ၉ လက်မခန့်ရှိ ဓားဖြင့်ထိုးခဲ့ကာ အရိုး၊ အသွား ၂၂ လက်မခန့်ရှိဓားမဖြင့် လည်ပင်းကိုလှီးခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ရရှိသောဒဏ်ရာများဖြင့် ဇော်မင်းထွန်းမှာ သေဆုံးသွားခဲ့ပြီး လက်ရှိတွင် ကျူးလွန်သူများကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2098863540266046

Leave a Reply

Your email address will not be published.