By Narinjara/ 2021 September 14
ပြည်စိုးလူ
ရခိုင်ပြည်နယ် သံတွဲခရိုင် ပြည်သူ့ဆေးရုံတွင် ကိုဗစ်ကာလအရေးပေါ်လူနာများအတွက် ငပလီမြို့ လင်းသာရပ်ကွက်ရှိ စေတနာ နာရေးကူညီမှုနှင့် သွေးအလှူရှင်အသင်းက သွေးအလုံး ၂၀ ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ယနေ့ စက်တင်ဘာလ ၁၅ နံနက်ပိုင်းက ဆေးရုံသို့သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု စေတနာ နာရေးကူညီမှုနှင့် သွေးအလှူရှင်အသင်း ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ပြောသည်။
“အခုက ကိုဗစ်ကာလဆိုတော့ လူတိုင်းက သွေးလှူရတာအခက်အခဲရှိတယ်။ အဲဒါကြောင့် အရေးပေါ်လူနာတွေ၊ ခွဲစိတ်လူနာတွေလာခဲ့လို့ရှိရင် အဆင်သင့် လှူလို့ရအောင်ဆိုပြီးတော့ အသင်းသူ၊ အသင်းသားတွေစုပြီးတော့ သံတွဲခရိုင်ပြည်သူ့ဆေးရုံကိုသွားပြီး လှူကြတာပါ” ဟု ပြောသည်။
အဆိုပါအသင်းတွင် အသင်းဝင်ပေါင်း ရဝဝ ကျော်ရှိသည့်အနက် သွေးမလှူဖြစ်သူ ၄၀ ကျော်က သွားရောက်လှူဒါန်းနိုင်ရန် စီစဉ်ခဲ့သော်လည်း သွေးတိုးခြင်းနှင့် သွေးပေါင်ချိန်ကျသူများပါရှိသည့်အတွက် သွေးအလုံး ၂၀ သာလှူဖြစ်ခဲ့ခြင်းဟု သိရသည်။
အဆိုပါအသင်းမှ သွေးအလှူရှင်တစ်ဦးဖြစ်သူ ကိုသက်လွင်ဖြိုးက “ကျနော်တို့ သွေးတွေကို အခမဲ့ လှူခွင့်ရတာ ဝမ်းသာပါတယ်။ ကျနော်ကတော့ ပထမဆုံး အကြိမ်လှူဖြစ်တာဆိုတော့ လူ့အသက်တစ်ချောင်းကို ကယ်လိုက်နိုင်သလိုခံစားရပါတယ်”ဟု ပြောသည်။
အဆိုပါအသင်းကို ဖွဲ့စည်းထားသည်မှာ ၁၀ နှစ်ခန့်ရှိနေပြီဖြစ်ပြီး သံတွဲနှင့် ငပလီမြို့နယ်အတွင်း နာရေးကိစ္စများ၊ ကိုဗစ်ကိစ္စများနှင့် အခြား လူမှုရေးကိစ္စများကို လုပ်ဆောင်ပေးနေသည့် ပရဟိတအသင်းတစ်ခုဖြစ်သည်။
https://www.facebook.com/narinjara.info/posts/4686083721403668