သမုဒ္ဓဂီရိ၌ လွင့်မျောခြင်း

By Development Media Group (DMG)/ September 7

(ဆောင်းပါး)

ရာသီကား ဆောင်းအကုန်နွေအကူး နွေဦးရာသီ၊ လေရူးများက တဖြူးဖြူးတိုက်ခတ်လျက်ရှိ၏။ အချမ်းဒဏ်ကလည်းမကုန်နိုင်သေး။ အရုဏ်တက်အချိန်ကလေးမှာဆိုရင် မြူနှင်းလေးတွေကဆိုင်း၊ နေ့လယ်နေ့ခင်းဆိုရင် လေရူးလေးတွေကတိုက်၊ ညနေဘက်ဆိုရင် ကောင်းကင်ကြီးကလည်း တိမ်ကင်းစင်လို့ အနောက်ဘက် ဂေါ်ယာဆီကို ဘာဏုရာဇာလို့ခေါ်ဝေါ်ကြတဲ့ နေမင်းကြီးက ငုပ်လျှိုးပျောက်ကွယ်သွားပြီး နွေဦးရဲ့ပန်းချီကို ဆေးမျိုးစုံနဲ့ခြယ်သနေကြသယောင်ပင်။

သစ်ပင်လေးတွေမှာဆိုရင်လည်းဘဲ ရွှေရောင်ဝင်းနေတဲ့ ရွက်ဝါကလေးတွေက တဖြုတ်ဖြုတ်ကြွေကျနေတာက ပန်းချီကားတစ်ချပ်အလား။ နွေဦးရဲ့ မူပိုင်တေးသံရှင် ဥဩငှက်ကလေးကလည်း အဆက်မပြတ်တေးဆိုနေလေရဲ့။ မြစ်နဲ့ပင်လယ်ဘက်မှာကျပြန်တော့ နေ့ခင်းဘက်ဆို ငွေရည်ဆမ်း၊ ညနေစောင်းဆို ရွှေရည်ဆမ်းလို့ လှိုင်းကြက်ခွပ်လေးတွေက တရွေ့ရွေ့နဲ့ ကမ်းစပ်သဲသောင်ဆီကို တစ်လုံးပြီးတစ်လုံး လာရိုက်ခတ်နေတာက စာပေပန်းချီဆရာတွေတောင် လက်မှိုင်ချပေးရလောက်တဲ့ သမုဒ္ဓဂီရိရဲ့ နွေဦးအလှတွေပါတကား။ နွေဦးနဲ့လေရူးကို ခွဲထားလို့မရသလို “ဝေ”နဲ့ သမုဒ္ဓဂီရိကို ခွဲထားရင်လည်းဘဲ အလွန်တရာမှ ရက်စက်ရာကျပေလိမ့်မည်။

ပက်လက်ကုလားထိုင်လေးတစ်လုံးပေါ်တွင် “ဝေ”ထိုင်ပြီးငေးကြည့်နေရင်း စဉ်းစားမိခြင်းဖြစ်သည်။ “ဝေ”က ရေပေါ်ကျွန်းမြို့လေးတစ်မြို့ဖြစ်တဲ့ သမုဒ္ဓဂီရိမှာမွေးပြီး သမုဒ္ဓဂီရိမှာဘဲ ကြီးပြင်းလာခဲ့ရတဲ့သူဘဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ “ဝေ”ရဲ့ ဘဝတစ်စိတ်တစ်ဒေသက သမုဒ္ဓဂီရိနဲ့ဆက်နွယ်နေပါတယ်။ သမုဒ္ဓဂီရိ၌ လွင့်မျှောခြင်းဆိုတာကတော့ “ဝေ”ရဲ့လူငယ်ဘဝကို သမုဒ္ဓဂီရိမှာဖြတ်သန်းခဲ့ပုံလေးတွေနဲ့ မြို့ရဲ့အထင်ကရ ပြယုဂ်လေးတွေကို အဓိကထားရေးသားထားတာဖြစ်ပါတယ်။ “ဝေ”ရဲ့ဘဝဖြတ်သန်းခဲ့ပုံ အမှန်လား၊ စိတ်ကူးယဉ် သက်သက်ပဲ ရေးထားတာလားဆိုတာကတော့ စာဖတ်သူရဲ့ဆုံးဖြတ်ချက်သာလျှင် အမှန်လို့ဘဲယူဆလိုက်ပါ။ ဒါကတော့ “ဝေ”ရဲ့ သမုဒ္ဓဂီရိ၌လွင့်မျှောခြင်း နိဒါန်းပါဘဲ။

ကဖီး

ကဖီးဆိုတဲ့ဝေါဟာရကို “ဝေ”တို့မြို့ခံတွေဟာ အရမ်းကိုရင်းနှီးကြပါတယ်။ ကဖီးတွေဟာလည်း “ဝေ”တို့ လူငယ်ဘဝဖြတ်သန်းခဲ့တဲ့ တစ်ထောင့်တစ်နေရာမှာပါဝင်နေမြဲပါ။ သမုဒ္ဓဂီရိဟာ တစ်ခေတ်တစ်ခါက နာမည်ကြီး လဘ္ဘက်ရည်ဆိုင်တွေ ပေါပါတယ်။ “စိန်ကဖီး” လဘ္ဘက်ရည်ဆိုင်ဟာဆိုရင် လဘ္ဘက်ရည်ဖျော်တဲ့အခါ နို့ဆီကို လုံးဝမသုံးဘဲ နွားနို့နဲ့ဘဲဖျော်တဲ့အတွက် မြို့ရဲ့နာမည်ကြီးလဘ္ဘက်ရည်ဆိုင်တွေထဲမှာ ထိပ်ဆုံးကပါပါတယ်။ အောင်သိန်းရှင်လဘ္ဘက်ရည်ဆိုင်က ဒန့်(ကုလားပဲ)ပူရီဟာ အရမ်းကိုနာမည်ကြီးပါတယ်။

“ဝေ”ဆိုရင် မနက်တိုင်းလိုလို စိန်ကဖီးကလဘ္ဘက်ရည်၊ အောင်သိန်းရှင်ဆိုင်က ဒန့်ပူရီနဲ့ပဲ လူငယ်ဘဝရဲ့မနက်စာကို နှစ်ပါးသွားခဲ့ရတာ များပါတယ်။ အဲဒီအချိန်တုန်းက ကဖီးတွေဟာဆိုရင် အရမ်းကိုလူတန်းစားစုံလာတဲ့ နေရာတွေဖြစ်ခဲ့ပါတယ်။ ဘုံဆိုင်တွေထက်တောင်ပိုပြီး လူစုံပါသေးတယ်။ ကဖီးတွေဟာ ရပ်ကွက်သတင်းဌာန၊ မြို့ရဲ့သတင်းဌာနတွေ ဆိုရင်လည်း မမှားနိုင်ပါဘူး။ လဘ္ဘက်ရည်ဆိုင်က စကားဝိုင်းတွေဟာ အရမ်းကိုသတင်းစုံ လူစုံပြီး ဗဟုသုတလည်းစုံပါသေးတယ်။ အဲဒီခေတ်ကာလက တစ်အိမ်မှာ တီဗီတစ်လုံးမပြောနဲ့ တစ်ရက်ကွက်လုံးပေါင်းမှ တီဗီသုံးလုံးလောက်ရှိတဲ့ခေတ်ဆိုတော့ ဘောလုံးပွဲလာပြီဆိုရင် လဘ္ဘက်ရည်ဆိုင်ကို ပြေးကြည့်ရတာကလည်း အမောပါဘဲ။ အဲဒီအချိန်တုန်းက လဘ္ဘက်ရည်ဆိုင်ထိုင်တာဟာ သမုဒ္ဓဂီရိနေ မြို့ခံလူငယ်တွေရဲ့ ခေတ်သစ်ယဉ်ကျေးမှုတစ်ရပ်လို့တောင် တင်စားရလောက်တဲ့အထိ ကဖီးတွေဟာ အရေးပါခဲ့ကြပါတယ်။

လိုင္ဘရီ

သမုဒ္ဓဂီရိဟာ မကျဉ်းမကျယ်လွန်းတဲ့ မြို့ငယ်လေးတစ်မြို့ဖြစ်ပါတယ်။ စက်ဘီးလေးနဲ့ မြို့တစ်ပတ် စီးရင်တောင် တစ်နာရီဝန်းကျင်လောက်ဘဲ အချိန်ပေးရတဲ့မြို့ငယ်လေးတစ်မြို့ပါ။ “ဝေ”တို့လူငယ်ဘဝ ဖြတ်သန်းစဉ်ခေတ်က လိုင်ဘရီဆိုတာ အလွန့်အလွန်မှ ရှားပါးလွန်းလှပါတယ်။ သို့ပေမယ့် စာအုပ်အငှားဆိုင် လေးတွေကတော့ အရမ်းကိုပေါများလွန်းပါတယ်။ နဝရတ်တို့၊ ရောင်နီဦးတို့ဆိုရင် သူ့ခေတ်သူ့အခါက အထင်ကရ စာအုပ်အငှားဆိုင်လေးတွေပါ။ မှတ်မှတ်ရရ လိုင်ဘရီဆိုလို့ တစ်မြို့လုံးမှာမှ ယဉ်ကျေးမှုပြတိုက်အပေါ်ဆုံးအထပ်က ပါးဘလိခ့်လိုင်ဘရီတစ်ခုနဲ့ သစ်တောရုံးနားက ညောင်ပင်ကြီးမှာပတ်ပြီး တည်ဆောက်ထားတဲ့ ကိုယ်ထူကိုယ်ထ လိုင်ဘရီ စုစုပေါင်းမှ နှစ်ခုလောက်ဘဲရှိတဲ့ခေတ်ပါ။

လိုင်ဘရီတွေရှိသော်ငြားလည်းဘဲ မြို့ခံတွေက စာအုပ်ဆိုင်တွေကိုဘဲ အများဆုံးအားကိုးအားထားပြုခဲ့ကြပါတယ်။ နာမည်ကြီးစာအုပ်တွေဆိုရင် မြို့ထဲက စာအုပ်ဆိုင်အကုန်လုံးနီးပါး ပတ်ရှာတာတောင်မရဘဲ သူများငှားပြီး ပြန်လာအပ်မှ စာအုပ်ဆိုင်မှာ အလှည့်ကျတန်းစီတဲ့စနစ်နဲ့ ငှားဖတ်ခဲ့ကြရပါတယ်။ “ဝေ”ကတော့ စာအုပ်ဆိုင်တွေထက် လိုင်ဘရီတွေမှာဘဲ သွားဖတ်ဖြစ်ခဲ့ဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ လိုင်ဘရီတွေမှာက တန်းစီစောင့်စရာမလိုတဲ့အပြင် အေးချမ်းဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်လေးမှာ “ဝေ”ကြိုက်တဲ့စာအုပ်ကို အေးဆေးဖတ်လို့ရတာကြောင့်ပါ။ မည်သို့ပင်ဆိုစေကာမူ သမုဒ္ဓဂီရိကို ခြေဆန့်တဲ့အခါ လိုင်ဘရီတွေကလည်း မပါမဖြစ်ပါဘဲ။

ပလ္လင်တောနဲ့ မင်းဂြီးကျောက်တန်း

တစ်ခေတ်တစ်ခါက ပလ္လင်တောနဲ့ မင်းဂြီးကျောက်တန်းဟာ သမုဒ္ဓဂီရိရဲ့ အဆုတ်ဖြစ်ခဲ့ဖူးပါတယ်။ ပလ္လင်တောနဲ့ မင်းဂြီးကျောက်တန်းဟာလည်း ခွဲထားလို့မရတဲ့အရာတွေပါ။ ပလ္လင်တောက ညာဘက်အဆုတ်ဆိုရင် မင်းဂြီးကျောက်တန်းက ဘယ်ဘက်အဆုတ်ပါပဲ။ “ဝေ” လူငယ်ဘဝတုန်းကဆိုရင် ညနေစောင်းတာနဲ့ ဘီးကလေးကိုစီးပြီး ပလ္လင်တောတစ်ပတ်လျှောက်စီး၊ ပြီးရင်မင်းဂြီးကျောက်တန်းနံဘေးက ခုံတန်းရှည်လေးတွေမှာထိုင်ပြီး ကုလားတန်မြစ်ရဲ့သဘာဝအလှတရားကို ခံစားရတဲ့အရသာဟာ ဘာနဲ့မှလဲလို့ရမယ်မထင်ပါဘူး။

မင်းဂြီးကျောက်တန်းကနေ လှမ်းကြည့်လိုက်ရင်မြင်နေရတဲ့ ကုလားတန်မြစ်ထဲက ရွက်သမ္ဗာန်လေးတွေဟာ မြစ်ပြင်အထက်မှာ လှိုင်းလုံးလေးတွေရဲ့ရိုက်ပုတ်တဲ့ဒဏ်ကြောင့် နိမ့်လိုက်မြင့်လိုက် လူးလွန့်နေတဲ့အချိန်မှာ သမ္ဗာန်လေးနဲ့ မနီးမဝေးကောင်းကင်ပေါ်မှာ ဇင်ယော်(ရက္ခိုင်အခေါ်-စိုင်းဒြားမင်းခွါ) ငှက်ကလေးတစ်အုပ် ပျံသန်းနေကြတဲ့ မြင်ကွင်းလေးဟာ သမုဒ္ဓဂီရိအတွက် အရမ်းကိုကဗျာဆန်လွန်းပါတယ်။ မင်းဂြီးကျောက်တန်းနဲ့ အပြိုင်တည်ရှိနေတဲ့ ပလ္လင်တောရဲ့အလှတွေဟာလည်း အရမ်းကိုထူးခြားလွန်းလှပါတယ်။

လက်ရှိအချိန်မှာတော့ စိတ်မကောင်းစွာနဲ့ ပလ္လင်တောနဲ့ မင်းဂြီးကျောက်တန်းရဲ့အလှတွေကို တဖန်ပြန်လည်ခံစားဖို့ မဖြစ်နိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ပလ္လင်တောနဲ့ မင်းဂြီးကျောက်တန်းနေရာမှာ အိန္ဒိယဆိပ်ကမ်းကြီးက နေရာယူသွားခဲ့ပြီ ဖြစ်ပါတယ်။ ဆိပ်ကမ်းကြီးကလည်း လက်ရှိမှာ အရေးမပါသေးပေမဲ့လည်း အနာဂတ်မှာ အကျိုးဖြစ်ထွန်းလာမယ် ဆိုတာကတော့မုချပါဘဲ။ အကျိုးအမြတ်ကိုလိုချင်တော့ အရင်းနှီးကတော့ပေးဆပ်ရစမြဲပါ။ အကျိုးမြတ်တွေ ကိုတော့ ပေးဆပ်ခံခဲ့ရတဲ့ ပလ္လင်တောနဲ့ မင်းဂြီးကျောက်တန်းကတော့ သိနိုင်မယ်မထင်တော့ပါ။

သမုဒၶဂီရိရဲ့သမုဒၶဂီရိ

သမုဒ္ဓဂီရိဟာ ကိုလိုနီခေတ်အငွေ့အသက်တွေနဲ့ လွှမ်းမိုးထားဆဲပါ။ ကိုလိုနီခေတ်က တည်ဆောက်ထားခဲ့တဲ့ အဆောက်အအုံတွေအများပြားကိုလည်း လက်ရှိအချိန်ထိ မြင်နိုင်တွေ့နိုင်ပါသေးတယ်။ ကိုလိုနီခေတ်ကဆိုရင် အထက်မြန်မာနိုင်ငံရဲ့ အတိုးတက်ဆုံးမြို့တစ်မြို့ဆိုရင်လည်းမမှားနိုင်ပါဘူး။ နိုင်ငံတကာနဲ့ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းသုံးမျိုးစလုံးနဲ့ ကူးသန်းဆက်သွယ်ရေးတွေရှိခဲ့တဲ့မြို့ဖြစ်ပါတယ်။

သမုဒ္ဓဂီရိဟာ ကိုလိုနီခေတ်မှာ အတိုးတက်ဆုံးအခြေနေကိုရောက်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ဗြိတိသျှတွေဟာ သူတို့ရယူတာနဲ့တန်အောင် လုပ်ပေးခဲ့တယ်လို့ဆိုရ မလားပါဘဲ။ သမုဒ္ဓဂီရိမှာ အထင်ကရနေရာတွေလည်း ပေါများပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးစာတိုက်ဟာ သမုဒ္ဓဂီရိမှာဘဲတည်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂလိကဘဏ်ကိုလည်း ရက္ခိုင်သူဌေးကြီး ဦးရဲကျော်သူက သမုဒ္ဓဂီရိမှာဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး မီးပြတိုက်ကိုလည်းဘဲ သမုဒ္ဓဂီရိမှာဘဲ ဗြိတိသျှတို့ကတည်ဆောက်အသုံးပြုခဲ့ကြပါတယ်။

သမုဒ္ဓဂီရိရဲ့ မြို့လယ်ခေါင်မှာဆိုရင် ဗြိတိသျှတို့အုပ်စိုးစဉ်က ဘုရင်မကြီးကလက်ဆောင်အဖြစ် တည်ဆောက်ခိုင်းခဲ့တဲ့ နာရီစင်ဟာဆိုရင်လည်းဘဲ ယခုအချိန်ထိ ထီးထီးမားမားတည်ရှိနေပါသေးတယ်။ ဒါကတော့ သမုဒ္ဓဂီရိရဲ့ သမုဒ္ဓဂီရိပါဘဲ။

အထက်မှာ ပြောပြခဲ့သလိုပဲ သမုဒ္ဓဂီရိဟာ အရမ်းကိုမြတ်နိုးဖွယ်ကောင်းတဲ့ မှော်ဆန်တဲ့ မြို့လေးတစ်မြို့လို့ “ဝေ”ယူဆမိပါတယ်။ သမုဒ္ဓဂရီဟာ “ဝေ”ရဲ့နှလုံးသားထဲမှာ ကိန်းအောင်းနေသလိုဘဲ “ဝေ”နဲ့အတူ သမုဒ္ဓဂီရိ၌လွင့်မျှောပြီးသွားရင် စာဖတ်သူတို့ရဲ့နှလုံးသားထဲမှာလည်း သမုဒ္ဓဂီရိဟာ တစ်ထောင့်တစ်နေရာမှာ ကိန်းအောင်းကျန်နေခဲ့မယ်လို့ မျှော်လင့်လျက်ပါ။

ဝေ(AKYAB)ရေးသားသည်။

https://www.facebook.com/dmgnewsagency/posts/2103821309770269

Leave a Reply

Your email address will not be published.