ဝန်ကြီးချုပ်ဟောင်း ဦးညီပုအား နိုင်ငံတော်ကြည်ညိုပျက်စေမှု အတွက် ရုံးတင်စစ်ဆေး

By Western News/ 2021 September 20

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအား နိုင်ငံတော်ကြည်ညိုပျက်စေမှု ၅၀၅(ခ) အတွက်စွဲဆိုထားသည့် အမှုအား ယနေ့စက်တင်ဘာ ၂၀ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံးတွင် Video Conferencing ဖြင့် စစ်ဆေး ခဲ့သည်။

ဦးညီပုအား နိုင်ငံတော်ကြည်ညိုပျက်စေမှု ၅၀၅(ခ)ဖြင့် ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့က စွဲချက်တင်ခဲ့ပြီးနောက်ပိုင်း ကိုဗစ်ကြောင့် တရားရုံးများ ပိတ်ထား၍ ၂ လကျော်ကြာရုံးမထုတ်ဘဲ ယနေ့စတင်ကာ ပြန်လည်ရုံးတင် စစ်ဆေးခြင်းဖြစ်သည်။

ယနေ့ရုံးချိန်းတွင် ပြန်ခေါ်သက်သေ ၃ အားစစ်ဆေးခဲ့ပြီး လာမည့်ရုံးချိန်းတွင် ဦးညီပု အားစစ်ဆေးသွားမည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသော တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်းက Western News ကိုပြောသည်။

“ဒီနေရုံးချိန်းမှာ ကျွန်တော်တို့ဖက်က ပြန်ခေါ်သက်သေ ၃ ဦးကိုစစ်ဆေးပါတယ်။ နောက်တပတ် ၂၈ ရက်နေ့ ရုံးချိန်းမှာ ဦးညီပုကိုဆက်စစ်သွားပါမယ်”ဟုပြောသည်။

လက်ရှိတွင် ဝန်ကြီးချုပ်ဟောင်း ဦးညီပုအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို အတိကျမသိရဘဲ ၄င်းမှာကျန်းမာရေးအခြေအနေ ကောင်းကြောင်း အမှုလိုက်ရှေ့နေက ပြောသည်။

ဝန်ကြီးချုပ် ဦးညီပုသည် တပ်မတော်က အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ပထမဆုံးအကြိမ် ထိန်းသိမ်းခံရပြီး နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည်။ ယင်းနောက် ဖေဖော်ဝါရီလ ၉ ရက်နေ့က Facebook လူမှုကွန်ရက်ပေါ်တွင် “ပြည်သူသို့ပန်ကြားချက်”ခေါင်းစဉ်ဖြင့်စစ်အာဏာရှင်ကိုကန့်ကွတ်ကြောင်းဗွီဒီယိုတင်ခဲ့ သည်အတွက် ထပ်မံဖမ်းဆီးခံခဲ့ရသည်။

ဝန်ကြီးချုပ် ဦးညီပုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ညနေပိုင်းအချိန်ကတပ်မတော်နှင့်ရဲတပ်ဖွဲ့တို့က ပူပေါင်းကာနေအိမ်အတွင်း လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စစ်တွေမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်သိန်းက နိုင်ငံတော်အကြည် အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် စစ်တွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဝန်ကြီးချုပ်ဟောင်းဦးညီပုမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ)အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အမှု ၃ ခုကို ရခိုင်ပြည်နယ်တရားလွှတ်တော်တွင်ရင် ဆိုင်နေရသည်။

ဦးညီပုအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင် ပြည်နယ်ဘဏ္ဍရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ကို အဂတိလိုက်စားမှုပုဒ်မဖြင့် စတင်ဘာလ ၂၁ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်။

https://www.facebook.com/westernnewsagency/posts/374081221065055

Leave a Reply

Your email address will not be published.