By Western News/ 2021 September 30
ရခိုင်ပြည်နယ် စစ်ကောင်စီမှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းသည် ယနေ့ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက ကျောက်တော်အောက်ဆီဂျင်စက်ရုံဖွင့်ပွဲသို့သွားစဉ် ရုတ်တရက်သွေးတိုးလာ၍ စစ်တပ်ပိုင်ရဟတ်ယာဥ်ဖြင့် စစ်တွေသို့အရေးပေါ်ပို့ဆောင်လိုက်ရကြောင်းသိရသည်။
ဦးသန်းထွန်းမှာ ရုတ်တရက်သွေးတိုးလာ၍ ကျောက်တော်ဆေးရုံတွင် ဆေးကုသမှုခံခဲ့ရပြီး စိုးရိမ်ရအခြေအနေ ဖြစ်သောကြောင့် ယနေ့ ညနေ ၄ နာရီခွဲအချိန်က ကျောက်တော်မြို့ စကခ ၉ မှ စစ်တပ်ပိုင်ရဟတ်ယာဉ်ဖြင့် စစ်တွေသို့ အရေးပေါ်ပို့ဆောင်လိုက်သည်ဟု ကျောက်တော်မြို့ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းမှ ကိုညီပုက Western News ကို ပြောသည်။
“ကျောက်တော်ဆေးရုံမှာ ၃ နာရီလောက် ဆေးကုသမှုခံယူပြီးတော့ စကခ ၉ ကို ကျနော်တို့ ပို့ဆောင်ပေးလိုက်ပါတယ်။ စစ်တပ်ပိုင်ရဟတ်ယာဥ်နဲ့ ယူမယ်လို့ပြောတယ်။ ဆရာဝန်ကတော့ စိုးရိမ်ရအခြေအနေလို့ပြောတယ်”ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သတ်၍ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။
https://www.facebook.com/westernnewsagency/posts/380606700412507