ရိုဟင်ဂျာ ပြဿနာ အီးယူ ပိုမိုဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

By RFA/ 2021 September 26

■ မြန်မာနိုင်ငံကနေ ထွက်ပြေးလာခဲ့ကြတဲ့၊ ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းကျော်ကို မူလနေရပ် ပြန်ပို့ရေးအတွက်၊ ပိုမိုထိရောက်တဲ့ ကဏ္ဍကနေ ပါဝင်ဆောင်ရွက်ပေးဖို့၊ ဘင်္ဂလားဒေ့ရှ်အစိုးရက အီးယူ ဥရောပသမဂ္ဂ ကို တိုက်တွန်းလိုက်ပါတယ်။

ဒုက္ခသည် တစ်သန်းတစ်သိန်း ဝန်းကျင်ကို လူသားချင်း စာနာကူညီရေးအရ ကောက်စဘဇားခရိုင်မှာ စခန်းဖွင့် လက်ခံထားတာဖြစ်ပါတယ်။ အခုအခါ အဲဒီ ဒုက္ခသည်စခန်းတွေက နိုင်ငံနဲ့ အစိုးရ အတွက်၊ ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်လာနေကြောင်း၊ ကြီးမားလှတဲ့ ဒုက္ခသည်စခန်းတွေကြောင့် နိုင်ငံမှာ လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်ရေးတွေမှာ ထိခိုက်မှုတွေနဲ့ ကြုံတွေ့နေရကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူမိုမင် က ပြောပါတယ်။

အီးယူ နိုင်ငံခြားရေးမူဝါဒ ဆိုင်ရာ အကြီးအကဲ Josep Borrell နဲ ကုလသမဂ္ဂ အထွေထွေညီလာခံ ပြင်ပမှာ တွေ့ဆုံစဉ်အတွင်း ပြောဆိုခဲ့တာပါ။

Josep Borrell ကလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ဆောင်ရွက်ပေးခဲ့တဲ့အပေါ် ကျေးဇူးတင်ကြောင်း၊ အီးယူအနေနဲ့ ဘင်္ဂလားဒေ့ရှ် အပါအဝင်၊ နိုင်ငံတကာ အသိုင်းအဝန်းနဲ့အတူ၊ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးကိစ္စ ကူညီဆောင်ရွက်မှာဖြစ်ကြောင်း ပြောဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူမိုမင် ကလည်း ဖွံ့ဖြိုးပြီးနိုင်ငံများရဲ့ ရာသီဥတုဆိုင်ရာ နှစ်စဉ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ဘီလျံ တစ်ရာ ထည့်ဝင်ရေးကိစ္စမှာ အီးယူ ပါဝင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

https://www.facebook.com/rfaburmese/posts/10161380463438128

Leave a Reply

Your email address will not be published.