ရိုဟင်ဂျာ ခေါင်းဆောင် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းအတွင်း ပစ်သတ်ခံရ

By Mizzima / 2021 September 30

ဘင်္ဂလားဒေ့ရှ် တောင်ပိုင်း ဒုက္ခသည်စခန်းတစ်ခု၌ သေနတ်သမားများက ထင်ရှားသည့် ရိုဟင်ဂျာမွတ်စလင် ခေါင်းဆောင်တစ်ဦးကို ဗုဒ္ဓဟူးနေ့၌ ပစ်သတ်ခဲ့ကြကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးနှင့် ဌာနေရဲတပ်ဖွဲ့တို့က ပြောသည်။

ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းနယ်မြေ၌ ဆိုးဝါးသော ဆူပူအကြမ်းဖက်မှုများ လများစွာဖြစ်အပြီး ဖြစ်ပွားပေါ်ပေါက်သော သတ်ဖြတ်မှုလည်း ဖြစ်သည်။

၂၀၁၇ ဩဂုတ်လအတွင်း စစ်တပ်၏ ဖြိုခွင်းမှုကြောင့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာမွတ်စလင် ၇၃၀၀၀၀ ကျော်ထက်မနည်း ထွက်ပြေးကြစဉ်မှနောက်ပိုင်း ပေါ်ထွက်လာခဲ့သော အသိုင်း အဝိုင်းစု အုပ်စုများအနက် အုပ်စုတစ်စုကို ဦးဆောင်သူ အသက် ၄၀ ကျော်ဝန်းကျင် Mohib Ullah အား လက်နက်ကိုင်များက ပစ်သတ်သွားခဲ့ခြင်း ဖြစ်သည်။

Mohib Ullah သည် အိမ်ဖြူတော်သို့ ဖိတ်ကြားခံရပြီး ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီ ၌လည်း မိန့်ခွန်းပြောဆိုဖူးကာ မျိုးဆက်ချီ ဖိစီးနှိပ်စက်မှုများကို ရင်ဆိုင်နေရသော လူနည်း စု ရိုဟင်ဂျာများအတွက် အကျိုးဆောင်ပေးသော ထင်ရှားသူများအနက် တစ်ဦး အပါအဝင်ဖြစ်သည်။

Mobhib Ullah ပစ်သတ်ခံရကြောင်းကို ကော့ဘဇားမြို့ ဒုတိယရဲမှူး Rafiqul Islam က ဖုန်းဖြင့် ရိုက်တာသို့ ပြောသော်လည်း နောက်ထပ် အသေးစိတ် ပြောဆိုခြင်း မရှိပေ။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအနေဖြင့် Mohib Ullah သတ်ဖြတ်ခံရခြင်းအတွက် ‘အလွန် စိတ်မကောင်း ဝမ်းနည်းကြောင်း’ ပြောခွင့်ရသူတစ်ဦးက ဆိုသည်။ “ဒုက္ခသည်စခန်းတွေမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ထိန်းသိမ်းထားနိုင်ဖို့ တရားဥပဒေရေးရာ တာဝန်ရှိသူတွေနဲ့ မိမိတို့ ဆက်လက်ထိတွေ့ဆက်သွယ်နေပါတယ်”ဟု ၎င်းက ဆိုသည်။

Mohib Ullah ၏ အဖွဲ့ဖြစ်သော ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ရခိုင်ရိုဟင်ဂျာအဖွဲ့အစည်းသည် ကုလသမဂ္ဂက လူမျိုးတုံးသတ်ဖြတ်မှု ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သည်ဟု ပြောဆိုထားသော မြန်မာစစ်တပ်၏ ဖြိုခွင်းမှုများအတွင်း ခံစားခဲ့ရသော ဖိစီးနှိပ်စက်ခံ ရိုဟင်ဂျာများအကြောင်း မှတ်တမ်းတင်ကြသည့် အဖွဲ့ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများ၌ Mohib Ullah သည် တဲတစ်ခုမှ တစ်ခုဆီ သွားရောက်ပြီး သတ်ဖြတ်မှုများ၊ အဓမ္မပြုကျင့်မှုများနှင့် မီးရှို့မှုများအကြောင်း မှတ်တမ်းမှတ်ရာများ ရယူတည်ဆောက်ကာ နိုင်ငံတကာ စုံစမ်းစစ်ဆေးသူများသို့ မျှဝေခဲ့သည်။

၎င်း၏ အဖွဲ့အစည်းသည် ဒုက္ခသည်စခန်းအတွင်းမှာ အသံများကို ကမ္ဘာနှင့်တစ်ဝန်း သိရှိအောင် လုပ်ဆောင်ခဲ့ကြသည်။ ရိုဟင်ဂျာများသည် ၎င်းတို့၏ အနာဂတ်နှင့် ပတ်သက်ပြီး စကားသံတစ်ခွန်းထက် ပိုပြီး လိုအပ်နေသည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၌ မိန့်ခွန်းပြောရာတွင် Mohib Ullah က ထည့်သွင်းပြောဆိုခဲ့ဖူးသည်။

သို့ရာတွင် ၎င်း၏ လူသိများ ထင်ရှားလာမှုသည် သဘောထားတင်းမာသူများ၏ ပစ်မှတ်ဖြစ် လာပြီး သတ်မည်၊ ဖြတ်မည် ခြိမ်းခြောက်ခြင်းများ ခံရကြောင်း ၎င်းက ၂၀၁၉ တွင် ရိုက်တာသို့ ပြောဖူးသည်။ “ကျွန်တော် သေသွားရင်တောင် ကျေနပ်တယ်၊ ကျွန်တော် အသက်ကို ပေးဆပ်သွားမှာ ဖြစ်တယ်”ဟု ၎င်းက ယင်းအချိန်က ပြောခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ရှိ ပြန့်ကျဲနေသော ဒုက္ခသည်စခန်းများ၌ လက်နက်ကိုင်ထားကြသူများက အာဏာယှဉ်ပြိုင်နေကြခြင်း၊ ဝေဖန်သူများကို ပြန်ပေးဆွဲခြင်းနှင့် ရှေးရိုးစွဲ အစ္စလာမ္မစ်စံနှုန်းများအား ချိုးဖောက်ခြင်းအတွက် အမျိုးသမီးများကို သတိပေးခြင်းများဖြင့် အကြမ်းဖက်မှုများ တိုးများလာကြောင်း နေထိုင်ကြသူများက ပြောကြသည်။

Mohib Ullah သေဆုံးခြင်းသည် ‘ရိုဟင်ဂျာ အသိုင်းအဝန်းအတွက် ကြီးမားသော ဆုံးရှုံးမှု’ ဟု ရိုဟင်ဂျာအရပ်ဖက်အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူနှင့် ဖေဖော်ဝါရီ အာဏာသိမ်းမှုအ ပြီး တည်ထောင်သော ယှဉ်ပြိုင်အရပ်သားအစိုးရ အမျိုးသားညီညွတ်ရေးအစိုးရ၏ အကြံ ပေးတစ်ဦးဖြစ်သူ ဦးအောင်ကျော်မိုးက ပြောသည်။

“ခြိမ်းခြောက်မှုကို သူက အမြဲသတိမပြတ် ရှိနေသူပါ၊ ဒါပေမဲ့ သူက ခြိမ်းခြောက်ခံရလို့ သူ ဘာမှ မလုပ်ဖူးဆိုရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ယုံကြည်ထားတာပါ”ဟု ၎င်းက ပြောခဲ့သည်။

https://www.facebook.com/MizzimaDaily/posts/4823686890999511

Leave a Reply

Your email address will not be published.