By VOA/ 2021 September 25
ရိုဟင်ဂျာ ဒုက္ခသည် ပြဿနာဟာ ၅ နှစ်ကြာ ရှိလာပေမဲ့ အခုအချိန်အထိ မဖြေရှင်းနိုင်သေးတာကြောင့်၊ နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းဝန်းကူညီကြဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ကုလသမဂ္ဂမှာ ပြောဆိုလိုက်ပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကြောင့် ရိုဟင်ဂျာအရေး မရေမရာ ဖြစ်နေပေမဲ့လည်း ရေရှည်ပြေလည်မယ့် နည်းလမ်းတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက အာရုံစိုက်ပြီး တက်တက်ကြွကြွ ဝိုင်းဝန်းကူညီ ဖြေရှင်းကြဖို့ မျှော်လင့်ကြောင်း သောကြာနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုလိုက်တာပါ။ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်တဲ့ အခြေအနေတွေကို မြန်မာနိုင်ငံဖက်က ဖန်တီးဖို့လည်း တိုက်တွန်းခဲ့တာပါ။
ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ၊ လုံခြုံမှုရှိရှိ နေရပ်ပြန်နိုင်အောင် အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာက ကူညီကြဖို့လည်း ပြောသွားပါတယ်။ ဝေဖန်စရာတွေ ကြုံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေထဲက တချို့ကို ဘရှန်ချာကျွန်းမှာ ပြောင်းရွှေ့ စီစဉ်ထားတာတွေ၊ ကိုဗစ်ကာကွယ်ဆေး ထိုးပေးတဲ့ အစီအစဉ်တွေကိုလည်း ရှင်းပြခဲ့တာပါ။
ရခိုင်ပြည်နယ်မှာရှိတဲ့ နယ်ခြားစောင့် ကင်းစခန်းတချို့ကို ARSA ရိုဟင်ဂျာ အစွန်းရောက်တွေက ၂၀၁၇ ခုနှစ်တုန်းက တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် နောက်ဆက်တွဲ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် တိမ်းရှောင်သွားခဲ့ကြတာပါ။ မြန်မာအာဏာပိုင်တွေကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြု လက်မခံပေမဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို စိစစ်လက်ခံမှာ ဖြစ်ကြောင်း ပြောဆိုထားပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ရော ကုလသမဂ္ဂနဲ့ပါ သီးခြားစီ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဒါပေမဲ့လည်း လက်တွေ့မှာတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ အထမမြောက်သေးသလို၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်အရေး ဘယ်လို ဆက်လက် ကိုင်တွယ်မလဲ ဆိုတာကလည်း ရှင်းရှင်းလင်းလင်းတော့ မရှိသေးပါဘူး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရကတော့ ရိုဟင်ဂျာတွေ အပါအဝင် လူနည်းစုတွေ လူ့အခွင့်အရေးကို အကာကွယ်ပေးဖို့နဲ့ ၁၉၈၂ နိုင်ငံသားဖြစ်ရေး ဥပဒေတွေကို ပြန်လည်ပြင်ဆင်ဖို့ ကတိပြုထားပါတယ်။
https://www.facebook.com/VoA.Burmese.News/posts/10159438350195170