By Narinjara/ 2021 September 18
သဉ္ဇာနွယ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့ဆေးရုံတွင်တက်ရောက်ကုသနေသည့် ကိုဗစ်အတည်ပြုလူနာ ၂ ဦး သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။
သေဆုံးသူများမှာ ရသေ့တောင်မြို့နယ် ရွာသစ်ကေကျေးရွာမှ အသက် ၆၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးနှင့် လေးကန်ကျေးရွာမှ အသက် ၇၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြသည်။
၎င်းတို့နှစ်ဦးအနက် တစ်ဦးမှာ ယနေ့ စက်တင်ဘာလ ၁၈ ရက် နံနက်တွင် သေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးမှာ ယမန်နေ့ညက သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။
ရသေ့တောင်ဆေးရုံအုပ် ဒေါက်တာ တင်မြင့်ဦးက “မနေ့ညက တစ်ယောက်၊ ဒီကနေ့မနက်တစ်ယောက်သေသွားတယ်။ ရောဂါအခံရှိသူတွေလည်းသေသလို မရှိဘဲသေဆုံးသူတွေလည်းရှိတယ်။ ကိုဗစ်ရောဂါက ပျောက်သွားတာမဟုတ်ဘူး။ နေ့တိုင်းသေနေကြတာပဲ။”ဟု နိရဥ္စရာသို့ပြောသည်။
ရသေ့တောင်မြို့နယ်တွင် ယနေ့အထိ ကိုဗစ်ကူးစက်ခံရသူ ၈၂ ဦးအထိရှိပြီး ယင်းအထဲမှ သေဆုံး ၁၂ ဦး၊ ကုသဆဲ ၈ ဦးနှင့် ဆေးရုံဆင်း ၆၂ ဦးရှိသည်ဟု သိရသည်။
ရခိုင်တစ်ပြည်နယ်လုံးတွင် ယမန်နေ့ စက်တင်ဘာ ၁၇ ရက်တွင် ကိုဗစ်ပိုးတွေ့သူ ၁၇ ဦးနှင့် သေဆုံးသူ ၄ ဦးရှိခဲ့ကြောင်း သိရသည်။
တစ်ပြည်နယ်လုံးတွင် ယနေ့အထိ ကိုဗစ်ကူးစက်ခံရသူ ၄၆၆၉ ဦး၊ ဆေးရုံမှ ဆင်းသွားသူ ၄၀၃၆ ဦးနှင့် သေဆုံးသူက ၄၄၃ ဦးရှိကြောင်း ပြည်နယ်အစိုးရ၏ထုတ်ပြန်ချက်အရ သိရသည်။
https://www.facebook.com/narinjara.info/posts/4696147813730592