By Western News/ 2021 September 18
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဆေးရုံတွင် စက်တင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်း ၁ ဦးနှင့် စက်တင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းတွင် ၁ ဦး သေဆုံးခဲ့ကြောင်း ရသေ့တောင်မြို့နယ် ဆရာဝန်ကြီးကပြောသည်။
သေဆုံးသွားသူများမှာ ရသေ့တောင်မြို့နယ် ရွာသစ်ကေကျေးရွာမှ ဆေးကုသမှုခံယူနေသော အသက် ၆၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် စက်တင်ဘာလ ၁၇ ရက်နေ့က လာရောက်ဆေးကု သမှုခံယူနေသည့် လေးကန်ကျေးရွာမှာ အသက် ၇၉ နှစ်အရွယ် အမျိုးသမီးတို့ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ကိုဗစ်စည်းကမ်းလိုက်နာမှုများ အားနည်းလာသည့်အပြင် ရောဂါပြင်းထန်မှသာ ဆေးရုံသို့ ရောက် ရှိလာသည့်အတွက် အသက်ကြီးပိုင်းများမှာ ပိုမိုသေဆုံးမှုဖြစ်နေကြောင်း ရသေ့တောင်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်မြင့်ဦးကပြောသည်။
“မနေ့ညက တစ်ယောက် ဒီနေ့ ၁ ယောက်သေတယ်။ အသက်ကတော့ ၆၃ နှစ်တစ်ယောက်နဲ့ ၇၉ ခုနှစ် တစ် ယောက်ပေါ့။ သေဆုံးတာတွေမှာ အကုန်လုံး နီးပါးက ရောဂါအခံတွေရှိကြတယ်။ ရောဂါအခံမရှိပဲလည်းသေ ကြတယ်။ ရောဂါပြင်းထန်မှပဲ ဆေးရုံကို ရောက်လာကြတယ်လေ။ သက်ကြီးပိုင်းတွေက ခံနိုင်ရည်မရှိတော့ သေဆုံးမှုပိုများတယ်။ ကိုဗစ် စည်းကမ်းလိုက်နာမှုတွေလည်း လုံးဝမရှိကြတော့ဘူး။ ရောဂါဖြစ်ရင်ဆေး ရုံကို မြန်မြန်လာဖို့လိုပါတယ်။ ဒါမှ ဆေးကုသမှုကြိုပေးနိုင်မယ်”ဟုပြောသည်။
ရခိုင်တောင် ဆေးရုံတွင် ယခုသေဆုံးသူ ၂ ဦးအပါအဝင် စုစုပေါင်းသေဆုံးသူ ၁၂ ဦးရှိသွားပြီဖြစ်သည်။ လက်ရှိ တွင်လည်းဆေးရုံ၌ ကုသမှုခံယူနေသူ ၂ ဦးရှိကြောင်းသိရသည်။
ရခိုင်ပြည်နယ်တွင် ဇူလိုင်လကုန်ခန့်မှစ၍ ကိုဗစ်ဖြင့်သေဆုံးသူနှင့် ပိုးတွေ့လူနာကျဆင်းခဲ့သော်လည်း လုံးဝ မရှိတော့ခြင်းမဟုတ်ဘဲ နေ့စဉ် နေ့တိုင်းသေဆုံးမှုနှင့်ပိုးတွေ့မှုရှိနေသးသည်။
ကိုဗစ်ရောဂါဖြင့်သေဆုံးသူ လျော့နည်းလာသည့်အတွက် ကိုဗစ်စည်းကမ်လိုက်နာမှုများအားနည်းလာသည်ကို လည်းတွေ့မြင်ရသည်။
ယမန်နေ့ စက်တင်လာ ၁၇ ရက်နေ့ တစ်ရက်တည်းတွင်ပင် သံတွဲခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်ဖြင့်သေဆုံးသူ တစ်မနက်အတွင်း ၃ ဦးရှိခဲ့သည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ် တတိယလှိုင်းစတင်ဖြစ်ပွားသည့် မေလ ၁၂ ရက်နေ့မှ ယမန်နေ့ စက်တင်ဘာ ၁၇ ရက်နေ့ ညနေ ၅နာရီအထိ ကိုဗစ်အတည်ပြုဦးရေ ၄၆၀၀၊ သေဆုံးသူ ၄၄၁ဦးနှင့် ဆေးကုသမှုခံယူနေဆဲ ၁၇၆ ဦးရှိကြောင်းရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။
https://www.facebook.com/westernnewsagency/posts/372799684526542