By Western News/ 2021 September 4

ရန်ကုန်တိုင်းဒေသရှိ စက်ရုံ အလုပ်ရုံအသီးသီးတွင် အလုပ်လုပ်ကိုင်နေသည့် ရခိုင်မှ ရွှေပြောင်းလုပ်သားများသည် ကိုဗစ်ကာလနှင့် နိုင်ငံအရေးအခြေအနေများကြောင့် စားသောက်နေထိုင်ရေး အဆင်မပြေမှုနှင့် ရင်ဆိုင်နေရ ကြောင်းအလုပ်သမားများကပြောသည်။
ကိုဗစ်ကာလနှင့် နိုင်ငံအရေးအခြေအနေများကြောင့် ရန်ကုန်ရှိစက်ရုံများ၊ အလုပ်ရုံးများတစ်ချို့သည် ယာယီ ပိတ်လိုက်ခြင်း၊ လုံးဝအပြီးပိတ်လိုက်ခြင်းများလုပ်နေကျစက်ရုံတွင်ပုံမှန် အလုပ်မဆင်းရသည် အခါတွင်လည်း လစာနည်းပါးလာသည့်အတွက် ယခုကဲ့သို့စားဝတ်နေရေး အကြပ်အတည်းများနှင့် ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။
အထည်ချုပ်စက်ရုံမှာ ပိတ်သွားသည့်အတွက် တစ်ခြားစက်ရုံသို့ အလုပ်ပြောင်းလုပ်ရသည့်အခါ အလုပ်ပုံမှန် မဆင်းရ၍ လစာအလွန်နည်းသဖြင့် နေထိုင်စားသောက်ရေးအခက်ကြုံနေရသည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာြမို့နယ် အထည်ချုပ်စက်ရုံးတစ်ခုတွင် ၃ နှစ်ကြာလုပ်ကိုင်ခဲ့သည့် မြောက်ဦးမြို့ နယ် မြက်ရိတ်ကျွန်းကျေးရွာမှ မလှခိုင်သန်းက ပြောသည်။
“ရန်ကုန်ကို စရောက်ကတည်းက လုပ်နေတဲ့ စက်ရုံမှာ ဆိုရင် လုပ်သက် ၃ နှစ်ကျော်လောက်ရှိပြီ။ ကိုယ်က လူဟောင်းဖြစ်နေပြီဆိုတော့ လစာကလည်း အတော်အသင့်အဆင်ပြေနေပါပြီ။ ၂ သိန်းကျော်လောက်ရတော့ ချွေတာသုံးပြီး အိမ်ကို နည်းနည်း ပေးနိုင်တယ်။ ရန်ကုန်မှာ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် စက်ရုံက ၄ လပိုင်းလောက်က ပိတ်သွားတယ်။ တခြားစက်ရုံပြောင်းလျှောက်တော့လည်း အလုပ်ပုံမှန်မဆင်းရဘူး။ ကိုဗစ်ရောဂါတွေ၊ နိုင်ငံရေးအခြအနေတွေပါ ပါတာပေါ့။ အဲ့ခါကျတော့ စားသောက်ဖို့တောင် မလောက်ငှဘူးဖြစ် နေပါတယ် “ဟုပြောသည်။
ယင်းပြင် အလုပ်အဆင်မပြေ၍ ရွာကိုပြန်သွားလျှင်လည်း မိမိတို့ ရွာတွင် အလုပ်အကိုင်မရှိသည့်အတွက် ရွာမပြန်ချင်ကြောင်း ရန်ကုန်မြို့ စက်ရုံမှ ရသည့်လစာငွေဖြင့် အဆင်ပြေသလို နေထိုင်တော့မည်ဖြစ်ကြောင်း သူမကဆက်ပြောသည်။
ကိုဗစ်ကာလနှင့် နိုင်ငံအရေးအခြေအနေများကြောင့်ရွာကိုပြန်သွားခဲ့သော်လည်း ရွာတွင် အလုပ်မရှိ၍ ရန်ကုန်သို့ပြန်လာကာ အလုပ် လုပ်ကိုင်နေရသည်ဟု ရန်ကုန်တိုင်းဒေသကြီး လှိုင်သာစက်မှုဇုန်တစ်ခုတွင် ၆ နှစ်ကြာ အလုပ်ကိုင်ခဲ့သည့် စစ်တွေမြို့နယ် ကျားမသောက် ကျေးရွာမှ မနွယ်နွယ်စိုးကပြောသည်။
“ရန်ကုန်မှာနိုင်ငံရေးအခြေအနေတွေမကောင်းလို့ သင်္ကြန်အမီ ရွာကိုပြန်ခဲ့ရတယ်။ အလုပ်လုပ်လာတာ ၆ နှစ်လောက်ရှိပါပြီ။ အထည်စက်ရုံမှာစက်ခြုပ်ပိုင်းမှာလုပ်ခဲ့တာပေါ့။ ရွာရောက်တော့ ဘာမှလုပ်စရာမရှိပါဘူး။ ၄ လပိုင်းထဲရွာရောက်တော့ ၅ လပိုင်းနဲ့ ၆ လပိုင်း ၂ လလုံးအိမ်အလုပ်ဝိုင်းကူတယ်။ အိမ်မှာလယ်လုပ်တော့ ပျိုးစိုက်၊ အဲ့တာနဲ့ ၇ လပိုင်းထဲက ရန်ကုန်ပြန်လာတော့ အလုပ်လျှောက်မရသေးဘူး။ အရင်လုပ်ခဲ့တဲ့ စက်ရုံက ဝန်ထမ်းလျော့ ထားတယ်တဲ့။ အလုပ်မရသေးတော့ စားသောက်ရေးအခက်ရှိပါတယ်”ဟုပြောသည်။
တစ်ချို့ စက်ရုံအလုပ်ရုံများပိတ်ထားမှုနှင့် တစ်ချိူ့ စက်ရုံများမှာလည်း အချိန်ပိုင်းဖြင့်သာ လုပ်ကိုင်ရမှု များရှိသည့် အတွက် ရွေ့ပြောင်းအလုပ်သမားများအနေဖြင့် နေထိုင်စားသောက်ရေး အဆင်မပြေမှုများရှိသည်ဟု ရခိုင်အမျိုးသားကွန် ရက် (ရန်ကုန်)ဥက္ကဌ ဦးတင်ထူးအောင်ကပြောသည်။
“သင်္ကြန်မတိုင်မီအချိန်က နိုင်ငံရေးအခြေအနေကြောင့် ရခိုင်ကိုပြန်နိုင်ဖို့အတွက် ဆောင်ရွက်ခဲ့တာပေါ့။ သူတို့ ရွာကိုရောက်သွားတော့ လည်းအလုပ်အကိုင်မရှိကြတော့ ရန်ကုန်ပြန်လာကြရတယ်။ ရန်ကုန်မှာလည်းနိုင်ငံရေး အခြေအနေကြောင့် တစ်ချိူ့ စက်ရုံတွေပိတ်ထားရတာတွေရှိတယ်။ တစ်ချို့စက်ရုံတွေကျတော့လည်း အလုပ်က ပုံမှန်မလုပ်တော့ပဲ အချိန်ပိုင်းပဲလုပ်ရတာတွေရှိတယ်။ တစ်ချို့က အလုပ်သမားတွေလျော့ချတာတွေ ရှိတာပေါ့။ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေခံလစာက ၉၀၀၀၀ ကျပ်ကနေ ၁၀၀၀၀၀ ကျော်ပဲရှိတယ်။ ဒါပေမယ့် အလုပ်သမားတွေဟာ ကိုဗစ်ကာလနဲ့ စက်ရုံတွေ ပုံမှန်မလုပ်ကိုင်သေးတာကြောင့် စားဝတ်နေရေး အခက်တွေ့ ကြတယ်”ဟုပြောသည်။
ရခိုင်မှ ရွှေ့ပြောင်းအလုပ်သမားများ ရန်ကုန်တိုင်ဒေသကြီးနှင့် ကချင်းပြည်နယ် ဖားကန့် ဒေသများတွင်အများဆုံး အလုပ် လုပ်ကိုင်နေကြီး အသက် ၁၆ နှစ်ခန့်မှ အသက် ၃၈ အထိ အများဆုံးရှိကြသည်။
ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းတွင် ရခိုင်ပြည်နယ်မှ ရွှေပြောင်းလုပ်သားများ ၆၀၀၀၀ ခန့်အထိရှိခဲ့ပြီး ယခုနှစ် တွင် နိုင်ငံရေးအခြေအနေကြောင့် ရခိုင်ပြန်သွားပြီး ပြန်မလာသူများရှိသည့်အတွက် အနည်းဆုံး ၃၀၀၀၀ ဦးရေမှ အများဆုံး ၅၀၀၀၀ ဦး ရေထိ ရှိနိုင်သေးကြောင်းလည်း ရခိုင်အမျိုးသားကွန်ရက်(ရန်ကုန်)မှသိရသည်။
https://www.facebook.com/westernnewsagency/posts/363781505428360