ရခိုင်ဝန်ကြီးချုပ် ဦးညီပု တရားစွဲခံထားရသည့် ၅၀၅ (ခ) အမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ် လျှောက်လဲချက် ပေးမည်

By Mizzima / 2021 September 28

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ဖမ်းဆီးတရားစွဲဆို ခံထားရသည့် နိုင်ငံတော်အကြည်ညို ပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) အမှုကို လာမည့် အောက်တိုဘာ ၅ ရက် ရုံးချိန်းတွင် နှစ်ဘက်ရှေ့နေများက အပြီးသတ် လျှောက်လဲချက်ပေးသွားမည်ဖြစ်ကြောင်း အမှုလိုက်ပါကူညီဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်း ထံက သိရသည်။

ဦးညီပု အား ၅၀၅ (ခ) အမှုအတွက် ယနေ့ စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းက စစ်တွေမြို့နယ်တရားရုံးတွင် အွန်လိုင်းဗွီဒီယိုစနစ်ဖြင့် ရုံးထုတ်စစ်ဆေးခြင်းဖြစ်သည်။

“နောက်တစ်ပတ်ကတော့ အပြီးသတ်လျှောက်လဲချက်ပါ။ အပြီးသတ်အမိန့်ကတော့ အဲဒီနေ့ချမှာလား ဘယ်နေ့ချမလဲ မပြောနိုင်သေးဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်းက မဇ္ဈိမကို ပြောသည်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) အမှုအတွက် လာမည့် အောက်တိုဘာ ၅ ရက် ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးပြီးနောက် အပြီးသတ်အမိန့်ချမှတ်နိုင်ဖွယ်ရှိသကဲ့သို့ နောက်ထပ်ရုံးချိန်း ပေးပြီးမှလည်း အမိန့်ချမှတ်နိုင်ဖွယ်ရှိကြောင်း ရှေ့နေက ပြောသည်။

ဝန်ကြီးချုပ် ဦးညီပုသည် ၅၀၅ (ခ) ပုဒ်မအပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အမှု သုံးခုကိုလည်း ရခိုင်ပြည်နယ်တရားလွှတ်တော်တွင် အမှုရင်ဆိုင်နေရသည်။

အဆိုပါ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် တရားစွဲခံထားရသည့် အမှုသုံးခုကို မနက်ဖြန် စက်တင်ဘာလ ၂၉ ရက်တွင် ရခိုင်ပြည်နယ်တရားလွှတ်တော်က ရုံးချိန်းခေါ်ထားပြီး တရားလိုကို စစ်ဆေးသွားမည်ဖြစ်သည်။

ယခုအမှုရင်ဆိုင်နေရသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) အမှုသည် အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ သည် ပြစ်မှုမြောက်လျှင် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ ပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးအောင်ကျော်ဇံနှင့် သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်တို့သည်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် ဖမ်းဆီးထိန်းသိမ်း ခံနေကြရ သည်။

https://www.facebook.com/MizzimaDaily/posts/4817385211629679

Leave a Reply

Your email address will not be published.