ရခိုင်ဝန်ကြီးချုပ် ဦးညီပုအမှု တရားလိုဘက် သက်သေအားလုံး စစ်ဆေးပြီး

By RFA/ 2021 September 20

(၂၀၂၁ ခုနှစ် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဝန်ကြီးချုပ် ဦးညီပုကို မြင်တွေ့ခဲ့ရစဉ်)

■ ရခိုင်ပြည်နယ်၀န်ကြီးချုပ် ဦးညီပုကို တရားစွဲဆိုထားတဲ့အထဲက နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) အမှုအတွက် တရားလိုဘက်က သက်သေတွေကို စက်တင်ဘာလ ၂၀ ရက် ဒီကနေ့ စစ်တွေမြို့နယ် တရားရုံးမှာ အွန်လိုင်းဗွီဒီယိုစနစ်နဲ့ ရုံးထုတ် စစ်ဆေးခဲ့ပြီးနောက် တရားလိုဘက်က သက်သေအားလုံး စစ်ဆေးပြီးစီးသွားပြီလို့ ဦးညီပုရဲ့ရှေ့နေက RFA ကိုပြောပါတယ်။

အဲဒီအမှုအတွက် တရားလိုအပါအဝင် တရားလိုပြသက်သေ ငါးဦးအပြင် ပြန်ခေါ်သက်သေ သုံးဦးကိုပါ အားလုံးစစ်ဆေး ပြီးစီးသွားတာလို့ ဦးညီပုအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးငြိမ်းချမ်း (ခေါ်) ဦးမျိုးမြတ်ဟိန်းက RFA ကိုပြောပါတယ်။

တရားရုံးက လာမယ့် စက်တင်ဘာလ ၂၈ ရက်နေ့ကို ရုံးချိန်းပြန်လည် သတ်မှတ်ပေးလိုက်ပြီး အဲဒီနေ့မှာတော့ ဦးညီပုကို ဆက်လက်စစ်ဆေးမယ်လို့ ဆိုပါတယ်။ဦးညီပုပေါ် စွဲဆိုထားတဲ့အထဲက အဂတိလိုက်စားမှုတိုက်ဖျက် ဥပဒေပုဒ်မ ၅၅ အမှုကိုတော့ လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ဖြန်မှာ စစ်ဆေးသွားမယ်လို့ ရှေနေ့ကပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ဦးညီပုကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က နေအိမ်မှာပဲ စစ်ကောင်စီတပ်သားတွေ လာဖမ်းသွားတာပါ။

အဲဒီနောက် စစ်တွေမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရားလိုပြုလုပ်ပြီး နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့အမှုဖွင့် တရားစွဲဆိုခဲ့သလို ဦးညီပုအပါအဝင် နောက်ထပ်၀န်ကြီး ငါးဦးကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ စစ်ကောင်စီက ထပ်မံ အမှုဖွင့်ထားတာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဦးညီပုဟာ လက်ရှိကျန်းမာရေးအခြေအနေ ကောင်းကောင်းမွန်မွန်ရှိပေမယ့် သူ့ကို ဘယ်မှာဖမ်းထားလဲဆိုတာကိုတော့ တိတိကျကျ မသိရဘူးလို ရှေ့နေကပြောပါတယ်။

https://www.facebook.com/rfaburmese/posts/10161369625618128

Leave a Reply

Your email address will not be published.