ရခိုင်ဝန်ကြီးချုပ် ဦးညီပုနဲ့ ဝန်ကြီးများအခြေအနေ မိသားစုတွေ မသိရ

By VOA/ 2021 September 9

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု မိသားစုနဲ့ မတွေ့ရတာ လနဲ့ချီ ရှိနေပါပြီ။ ဦးညီပုအပေါ် ထပ်တိုးတရားစွဲထားတဲ့ အဂတိလိုက်စားမှုနဲ့ပတ်သက်လို့ အကြောင်းအချက်အသေးစိတ်ကိုလည်း သူ့ရဲ့ အကျိုးဆောင်ရှေ့နေက အသေအချာ မသိသေးပါဘူး။ ဒီအခြေအနေ အပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုအောင်မြတ်သူက ပြောပြပါမယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တပ်မတော်ကိုပြိုကွဲအောင်လုပ်ဆောင်မှု ၅၀၅ (က) အပြင် အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ပါ တရားစွဲဆိုခံထားရတဲ့ NLD အစိုးရလက်ထက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုအပါအဝင် နောက်ထပ် ပြည်နယ်ဝန်ကြီး ၄ ဦးကို စက်တင်ဘာလ ၈ ရက် ဗုဒ္ဓဟူးနေ့က Video conferencing နဲ့ရုံးထုတ်ပါတယ်။ မကြာခင်က အမှုတိုးတရားစွဲတဲ့ အဂတိလိုက်စားမှုအတွက် ရုံးထုတ်ခဲ့တာပါ။

ဒါပေမဲ့ ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ရုံးထုတ်တာကိုရော တရားစွဲတဲ့ အကြောင်းအချက် အသေးစိတ်ကိုပါ တစုံတရာ မသိရဘူးလို့ ဦးညီပုရဲ့ အမှုကို လိုက် ါဆောင်ရွက်နေတဲ့ သဇင် ဥပဒေအထောက်အကူပြုအဖွဲ့က တရားလွှတ်တော်ရှေ့နေ ဦးငြိမ်းချမ်းက ဗီအိုအေကို ပြောပါတယ်။

“ကျနော်တို့က စစ်တွေမြို့နယ်က အမှုကိုပဲ လိုက်ပါဆောင်ရွက်တာဖြစ်တယ်။ ကျန်တဲ့အမှုတွေကို သူ့မိသားစုကသော်လည်းကောင်း ယုံကြည်စိတ်ချရတဲ့သူ တယာက်ယောက်သော်လည်းကောင်း ဘယ်သူမှ ကျနော့်ကိုအပ်တာမရှိဘူး။ အဲဒါကြောင့် နောက်ပိုင်း အဂတိနဲ့ စွဲတယ်ဆိုတဲ့ အမှုနဲ့ပတ်သတ်ပြီး ကျနော်မသိဘူး။ အောက်က မြို့နယ်က စွဲတဲ့အမှုကတော့ ပြန်ခေါ်စစ်တယ် စစ်မေးတဲ့အဆင့်ကို ရောက်နေပြီ အဲဒီအမှုတွေကိုတော့ ရုံးဖွင့်တဲ့နေ့မှာဆိုရင် ရုံးချိန်းသွားမယ်။ စုံစမ်းမယ်သွားမယ်။ အဲဒီအမှုတွေကိုပါ ကိုယ်စားပြုပေးပါဆိုပြီး ပြောတဲ့သူမရှိဘူး။ အဲဒါကြောင့် ဒီနေ့အထိ အဲဒီအမှုနဲ့ပတ်သက်ပြီး မပြောနိုင်သေးဘူး။”

ပြည်နယ်ဝန်ကြီချုပ်ဟောင်း ဦးညီပုနဲ့ ပြည်နယ်ဝန်ကြီးဟောင်း ၄ ယောက်ကို အဂတိလိုက်စားမှုနဲ့ တရားစွဲတယ်ဆိုတာကို သြဂုတ်လ ၁၈ ရက်နေ့မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့ညမှာ စစ်တပ်နဲ့ ရဲက ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ရခိုင်ပြည်နယ် ဂွမြို့က သူ့နေအိမ်ကနေ ဖမ်းဆီးသွားတာဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့နေ့ထဲက ဒီကနေ့အထိ မိသားစုဝင်တွေနဲ့ တကြိမ်ပဲတွေ့ခွင့်ရသေးတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

ဗုဒ္ဓဟူးနေ့က စစ်တွေမြို့မှာ ရုံးထုတ်တဲ့သတင်းကို အသိတယောက် ပြောပြမှ သိခဲ့ရတယ်လို့ ဦးညီပုရဲ့ သမီးဖြစ်သူ ဒေါ်ကြည်ကြည်ဦးက ပြောပြပါတယ်။

“တခါပဲ video conferencing နဲ့ ပြောခဲ့ရတယ်။ အဲဒါလည်း ပထမ အစပိုင်းလောက်ကပါ။ နောက်ပိုင်း သွားတွေ့တာလည်းမရှိဘူး။ တွေ့လည်း မတွေ့ရဘူး။ အဆက်အသွယ်လည်းမရဘူး။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ စိတ်ပူတယ်။ မတွေ့ရတော့လေ အဆက်အသွယ်မရတော့။”

လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာအခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ စိုက်ပျိုးမွေးမြူရေး သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်တို့ကို အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုခံထားရပါတယ်။ ဒါ့အပြင် စစ်တပ် အာဏာမသိမ်းခင်ကတည်းက ရာထူးကနေ ဖယ်ခံလိုက်ရတဲ့ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်ကိုလည်း အလားတူ အဂတိလိုက်စားမှု ပုဒ်မနဲ့ပဲ တရားစွဲထားပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဦးညီပုကတော့ တပ်မတော်ကိုပြိုကွဲအောင်လုပ်ဆောင်မှု ၅၀၅ (က) အပြင် အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ပါ တရားစွဲဆိုခံထားရတာပါ။

စစ်ကောင်စီဟာ သူတို့ အာဏာသိမ်းဖြုတ်ချခဲ့တဲ့ NLD အစိုးရလက်ထက်က ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ် တိုင်းဒေသကြီး အစိုးရအဖွဲ့အသီးသီးက တာဝန်ရှိသူ အတော်များများကို အစောပိုင်းမှာ ပုဒ်မ ၅၀၅ (က) (ခ) စတာတွေနဲ့ တရားစွဲခဲ့သလို အခုနောက်ပိုင်းမှာတော့ အဂတိလိုက်စားမှုဆိုင်ရာ စွဲချက်တွေနဲ့ပါ ထပ်တိုး တရားစွဲနေပါတယ်။

https://www.facebook.com/VoA.Burmese.News/posts/10159407897450170

Leave a Reply

Your email address will not be published.