ရခိုင်ဝန်ကြီးချုပ် ဦးညီပုနဲ့ ဝန်ကြီးလေးဦးကို အဂတိမှုနဲ့ စတင်စစ်ဆေး

By RFA/ 2021 September 8

■ ရခိုင်ပြည်နယ်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲခံထားရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု နဲ့ ဝန်ကြီးလေးဦးကို စစ်တွေမြို့နယ် တရားရုံးမှာ ဗွီဒီယိုအွင်လိုင်းစနစ်နဲ့ ဒီနေ့ စတင်စစ်ဆေးခဲ့တယ်လို့ အကျိုးဆောင်ရှေ့နေ ဦးအောင်စစ်မင်းက RFA ကိုပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ် ဦးညီပု၊ လျှပ်စစ်စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာအခွန် စီမံကိန်းနဲ့စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်နဲ့ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနဲ့သတ္ထုတွင်းဝန်ကြီး ဦးကျော်လွင်တို့ကို စတင်စစ်ဆေးခဲ့တာပါ။

သူတို့ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့က စစ်ကောင်စီကနေ အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၅ နဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးညီပုကတော့ နိုင်ငံတော် အကြည်အညိုပျက်စေမှုနဲ့ပါ ရင်ဆိုင်နေရတာဖြစ်ပြီး စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်ကလည်း ငြိမ်းစုစီ ဥပဒေပုဒ်မ – ၁၉ အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ -၂၅ တို့နဲ့ပါ ရင်ဆိုင်နေကြရတာပါ။

အခုလက်ရှိ သူတို့ကို စစ်တွေအကျဉ်းထောင်နဲ့ တပ်နယ်တွေမှာ ထိန်းသိမ်းထားပြီး ကျန်းကျန်းမာမာ ရှိနေတယ်လို့လည်း ရှေ့နေဦးအောင်စစ်မင်းက ဆိုပါတယ်။

သူတို့ကို လာမယ့် စက်တင်ဘာလ ၂၁ရက်၊ ၂၂ ရက်နေ့မှာ ထပ်မံ ရုံးချိန်းလိုက်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ဝန်ကြီးတွေကို အဂတိလိုက်မှုအပါအဝင် နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မတွေနဲ့ပါ တရားစွဲဆိုခံနေရတာဖြစ်ပါတယ်။

https://www.facebook.com/rfaburmese/posts/10161347136203128

Leave a Reply

Your email address will not be published.