By Western News/ 2021 September 1
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်ရှိ အာရှဒုတိယအကြီးဆုံး ဝန်ဗိုက်ဒီရေတောကြီးမှာ ဒေသခံများအပါအဝင် တစ်ခြားမြို့နယ်များမှ သစ်ခုတ်လှဲမှုများကြောင့် ဒီရေပင် ၇၅ ရာခိုင်နှုန်းခန့် ပြုန်းတီးသွားပြီဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများက ပြောသည်။
ရမ်းဗြဲမြို့အပါအဝင် အနီးအနားမှ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်မြို့နယ်များမှ ဒေသခံများ ထင်းမီးသွေးလုပ်ဆောင်ရန်နှင့် ထင်းအဖြစ် အသုံးပြုရန်အတွက် တစ်နေ့ကို တန်ချိန် ၂၀၀ ခန့်ကို နေ့စဉ်နေ့တိုင်း ခုတ်လှဲမှုများရှိနေသည့်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများက ပြောသည်။
ယင်းဒီရေတောကြီးတွင် ဒီရေပင် မျိုးကွဲပေါင်း ၄၉ မျိုးခန့်ရှိပြီး အများစုမှာ ကမိုက် ခေါ် ပြာပင်မျိုးကွဲ ၅ မျိုးခန့်၊ ပြူးပင် မျိုးကွဲ ၃ မျိုးခန့်ထိအပါအဝင် တစ်ခြားဒီရေပင်များဖြစ်သည့် လမုပင် မျိုးစိတ်များတွေရကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတစ်ဦီး ဖြစ်သည့် ကိုမျိုးလွင်ကပြောသည်။
“ဒီဝန်ဗိုက် ဒီရေတောကြီးဟာ လက်ရှိကျွန်တော်တို့ စစ်တမ်းကောက်ချက်အရဆိုရင် ၇၅ရာခိုင်နှုန်းလောက်ဟာ ပြုန်းတီးသွားပြီ။ အနီးအနားမြို့နယ်တွေက ဘုတ်တွေ၊ လှေတွေနဲ့ လာပြီး ခုတ်ကြတာ တစ်နေ့ကို တန်ချိန် ၂၀၀ လောက်ကို ခုတ်လှဲနေကြတာတွေ့ ရပါတယ်။ ကျွန်တော်တို့က တာဝန်ရှိတဲ့သူ မဟုတ်ဘူးဆိုတော့ ဘာမှမပြောနိုင်ပါဘူး။ ဒီလောက်ကြီးတဲ့ ဒီရေတောကြီးဟာ ၇၅ ရာခိုင်နှုန်းလောက်ထိ ပြုန်းတီးသွားတာဟာ အံ့သြစရာ ကောင်းပါတယ်။ ပြီးတော့ ဒီအထဲမှာကာရီဆည်တာတွေတောင် တွေ့ရပါတယ်” ဟုပြောသည်။
ယင်းပြင် အဆိုပါ ဒီရေတောကြီးကို စနစ်တကျမထိန်းသိမ်းပါက ယခုနှစ် မိုးရာသီအတွင်းတွင်မူ ဒီရေပင် ၉၀ ရာ ခိုင်နှုန်းခန့်မှာ ပြုန်းတီးသွားနိုင်ခြေရှိသည့်အတွက် ပတ်ဝန်းကျင်ဒေသခံတွေအပါအဝင် တာဝန်ရှိသူများကလည်း စနစ်တကျထိန်းသိမ်းရန် လိုအပ်နေသည်ဟု ၎င်းကဆက်ပြောသည်။
ယခုနှစ်တွင် ဝန်ထမ်းအင်အားနည်းခြင်းနှင့် နိုင်ငံရေးအခြေအနေကြောင့် လက်လှမ်းမမှီသည့် နေရာများလည်းရှိနေကြောင်း ရမ်းဗြဲမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးမင်းထက်အောင်ကပြောသည်။
“ကျွန်တော်မှာ ဝန်ထမ်းအင်အားက ဆယ်ဂဏန်းသာသာပဲရှိတဲ့အခါကျတော့ ကျွန်တော်တို့လည်း တတ်နိုင်သလောက်ထိန်းနေပါတယ်။ တစ်ချို့နေရာတွေကကျတော့ နိုင်ငံရေးအခြေအနေကြောင့် ယူနီဖောင်းဝတ်လို့မရတာတွေ နောက်ပြီး လက်နက်ကိုင်တွေနဲ့ သွားလာလို့ မရတဲ့အခြေအနေမျိုးတွေရှိတယ်။ ကျွန်တော်တို့က နှစ်စဉ် သစ်တောထိန်းသိမ်းရေးအတွက် တစ်နှစ်ကို ၁၂၅ ဧက တရားမဝင် ခုတ်လှဲလို့ပြုန်းတီးသွားတဲ့နေရာတွေမှာ ပြန်စိုက်ပါတယ်။ တရားမဝင်ခုတ်လှဲတာတွေကို ပုံမှန်ကင်းလှည့်တဲ့အခါ ပြီးတော့ သတင်း ပေးလာတဲ့အခါနဲ့ ထိန်းသိန်း ရေးတွေလုပ်နေချိန်မှာ ဖမ်းဆီးတာတွေရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေကနဲ့စာရင် ဒီနှစ်နိုင်ငံရေး အခြေအနေကြောင့် ယူနီဖောင်း ဝတ်လို့မရတဲ့အခါကျတော့ လက်လှမ်းမမှီနိုင်တဲ့နေရာတွေရှိပါတယ်” ဟုပြောသည်။
ဒီရေတောများရှိခြင်းဖြင့် နေ့စဉ်စားသောက်နေကြသော ငါးသယံဇတများပေါက်ဖွားနိုင်ခြင်း၊ သဘာဝဘေးအန္တ ရာယ်ဖြစ်သည့် လေမုန်တိုင်းတိုက်ခိုက်ခြင်း၊ ရေလိုင်းကြီးခြင်းတို့ကို ကာကွယ်နိုင်သည့်အတွက် ထိန်းသိမ်းကာ ကွယ်ရန်လိုအပ်သည်ဟု သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးစစ်တွေခရိုင် ဦးစီးအရာရှိ (ခေတ္တ) တာဝန်ခံ ဦးမြင့်သိန်းကပြောသည်။
“ကျွန်တော်တို့ ဒီရေတောတွေရှိခြင်းကြောင့် ဒီရေတောတွေကို မှီခိုပြီး ပေါက်ဖွားနေကြတဲ့ ငါးသယံဇာတတွေ ရှိတယ်။ သူတို့ကပင်လယ်ထဲမှာဆိုရင် လှိုင်းပြင်းတဲ့အတွက် ပေါက်ဖွားဖို့အဆင်မပြေတဲ့အခါ ဒီရေပင်တွေရှိတဲ့ နေရာတွေမှာ ပဲ ပေါက်ဖွားကြတယ်။ ဒီရေပင်က ကြွေကျတဲ့အရွက်တွေဟာ ဆွေးမြေ့ပြီး သူတို့အတွက် အစာအဖြစ်စားသုံးလို့ရတယ်။ ဒီရေတောတွေ မရှိတဲ့အခါကျတော့ ငါးတွေ ပေါက်ဖွားဖို့အဆင်မပြေတော့ဘူး။ ပြီးတော့ သဘာတဘေးအန္တရာယ်တွေပါ ကာကွယ်နိုင်တယ်။ လိုင်းကြီးတာတွေ လေကြီးတာတွေကို ဒီရေပင်တွေက ကာကွယ်ပေးတယ်။ ကျွန်တော်တို့တွေက စနစ်တကျ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်” ဟုပြောသည်။
ရခိုင်ပြည်နယ်တွင် ဒီရေတောများကို ရေငံဒေသဖြစ်သည့် ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊မာန်အောင်၊ အမ်း စသည့်မြို့နယ်များတွင် အများဆုံးပေါက်ရောက်ကြပြီး ရခိုင်မြောက်ပိုင်းမြို့ရေချိုဒေသဖက်များတွင် အနည်း ငယ်သာပေါက် ရောက်မှုများရှိသည်။
ဝန်ဗိုက်ဒီရေတောမှာ ၁၉၃၁ ခုနှစ်တွင် စတင်အသိမှတ်ပြုခံရသည့် ဒီရေတောကြီးဖြစ်ပြီး အကျယ်အဝန်းမှာ ဧကပေါင်း ၅၆၆၃၃ ဧက ထိရှိကြောင်းသိရှိရသည်။
https://www.facebook.com/westernnewsagency/posts/361841865622324