ရခိုင်ရှိ ကိုယ်ဝန်ဆောင်များနှင့် ၂ နှစ်အောက်ကလေးငယ်များအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၁ သောင်းကျော်ကို လူမှုဝန်ထမ်းဦးစီးဌာနသို့ ပြန်လည်အပ်နှံလိုက်မှု လုံးဝမဖြစ်သင့်ဟုဝေဖန်

By Narinjara/ 2021 September 29

ချစ်အိလှိုင်

ရခိုင်ပြည်နယ်ရှိ ကိုယ်ဝန်ဆောင်များနှင့် ၂ နှစ်အောက်ကလေးငယ်များအတွက် လူမှုဝန်ထမ်းဦးစီးဌာန၏ ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၁ သောင်းကျော်ကို ဌာနထံ ပြန်အပ်လိုက်မှုမှာ လုံးဝမဖြစ်သင့်ဟု ဝေဖန်ပြောဆိုနေကြသည်။

အဆိုပါထောက်ပံ့ငွေများကို ဘဏ်မှငွေထုတ်မရ၍ဟုဆိုကာ ကိုယ်ဝန်ဆောင်များနှင့် ၂ နှစ်အောက်ကလေးငယ်များအားထုတ်မပေးဘဲ စက်တင်ဘာလဒုတိယပတ်တွင် ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးက လူမှုဝန်ထမ်းဦးစီးဌာနထံသို့ ပြန်လည် အပ်နှံလိုက်သည်ဟု သိရသည်။

စစ်ဘေးရှောင်များအများအပြားရှိရာ ရခိုင်ဒေသမှ မိခင်နှင့် ကလေးငယ်များအတွက် ထောက်ပံ့ငွေမရရှိဘဲ ဘတ်ဂျက်ငွေကို ပြန်အပ်လိုက်ရသည့်အဖြစ်မှာ လွန်စွာနှမြောစရာကိစ္စဖြစ်ကြောင်း ရခိုင်မှ လူမှုရေးလှုပ်ရှားသူ ဦးဝေဟင်အောင်က ပြောသည်။

“ဘတ်ဂျက်ပြန်ပေးလိုက်တယ်ဆိုတာက တော်တော်လေး နှမြောဖို့ကောင်းတဲ့ကိစ္စလို့မြင်တယ်။ ပြောမယ်ဆိုရင် ရှိတဲ့လူတွေအတွက် ပြဿနာမဟုတ်ပေမဲ့ မရှိဆင်းရဲသားတွေအတွက်ကျတော့ ဒီပိုက်ဆံဟာ တော်တော်လေးကို အထောက်အပံ့ဖြစ်တဲ့ ပိုက်ဆံဖြစ်တယ်။ ဒီဟာကို ကြားရတာ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်”ဟု ပြောသည်။

ပြန်အပ်လိုက်သည့်ထောက်ပံ့ငွေများသည် လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက်ကလေးငယ်များ ငွေကြေးထောက်ပံ့ရေးအစီစဉ်(MCCT)က ထောက်ပံ့ပေးသည့်ငွေများဖြစ်သည်။

ကိုယ်ဝန်ဆောင်နှင့် ၄င်းတို့၏ ၂ နှစ်အောက်ကလေးငယ်များကို တစ်ဦးအတွက် တစ်လလျှင် ငွေ ၁၅,ဝဝဝ ကျပ်စီ ထောက်ပံ့ပေးတတ်သည်ဟုလည်း သိရသည်။

မြောက်ဦးမြို့နယ်မှ ၉ လအရွယ် သားသည်မိခင်တစ်ဦးဖြစ်သူ ဒေါ်ခင်နွယ်ဦးက “ကိုယ်ဝန်ဆောင်တုန်းက တစ်ဖြတ်ရခဲ့တယ်။ နောက်ပိုင်းအခုထိ လုံးဝမရခဲ့ဘူး။ ရသင့်တာမရတော့ စိတ်မကောင်းဖြစ်ရတယ်။ မရှိဆင်းရဲသားတွေမှာက လိုအပ်တဲ့ငွေပဲလေ” ဟုပြောသည်။

ပြန်အပ်လိုက်သည့်ထောက်ပံ့ငွေကျပ် စုစုပေါင်း ၁,၁၈၀,၅၀၀,၀၀၀ သည် ၂ဝ၂ဝ – ၂ဝ၂၁ ဘဏ္ဍာရေးနှစ် ဇန်နဝါရီလအတွက် ထောက်ပံ့ငွေများဖြစ်ပြီး နိုင်ငံရေးအခြေအရ ဘဏ်မှငွေထုတ်ရာတွင် အခက်အခဲများကြောင့် ထုတ်ယူနိုင်ခြင်းမရှိခဲ့သဖြင့် ပြန်လည်အပ်နှံလိုက်ရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က နိရဥ္စရာအားပြောသည်။

“ကျွန်တော်တို့ကအဓိကကတော့ ဘဏ္ဍာရေးအခြေအနေလည်းပါတယ်။ အဲဒါကြောင့်ပဲ အဓိက ကတော့။ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းက ၉ လပိုင်းမှာအပြီးထုတ်ရမယ်လို့ ကျွန်တော်တို့ ရုံးချုပ်က အစည်းအဝေးမှာပြောထားတာ။ အဲဒီနေ့မှာ သူတို့ချထားတဲ့ငွေကို အပြီးထုတ်လို့က မရဘူး။ အဲဒါကြောင့် ပြန်အပ်တယ်” ဟုပြောသည်။

အဆိုပါငွေသားများအားလုံးကို စက်တင်ဘာလ ၃ဝ ရက်နေ့တွင် ထုတ်ယူ၍မရရှိပါက အဆိုပါငွေများအား ပြန်လည်အပ်နှံရမည်ဟု လူမှုဝန်ထမ်းဦးစီးဌာန(ရုံးချုပ်)က စက်တင်ဘာ ၁၆ ရက်တွင် ညွှန်ကြားထားသည်ဟုလည်း သိရသည်။

သို့ရာတွင် လာမည့် အောက်တိုဘာလ၌ နောက်နှစ်ဘတ်ဂျက်ပြန်စသဖြင့် အဆိုပါဘတ်ဂျက်ငွေများကို ပြန်ပေးနိုင်ကြောင်း ဦးမြင့်ဇော်က ဆက်ပြောသည်။

https://www.facebook.com/narinjara.info/posts/4733922873286419

Leave a Reply

Your email address will not be published.