ရခိုင်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မတွေနဲ့ စွဲဆိုခံထားရတဲ့ အမှုတချို့ ရုပ်သိမ်းပေးဖို့ရှိ

BBC / 2021 September 1

ရခိုင်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ စွဲဆိုထားတဲ့ အမှုတချို့ကို ပြန်လည် ရုပ်သိမ်းပေးဖို့ လုပ်နေတယ်ဆိုပြီး ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်နယ် အိမ်စောင့် အစိုးရ အဖွဲ့ရဲ့ ထုတ်ပြန်ချက် အနေနဲ့ ဩဂုတ်လ အကုန်မှာပဲ ထွက်လာတာ တွေ့ရပါတယ်။

၂၀၁၉၊ ၂၀၂၀ ခုနှစ်တွေမှာ အေအေနဲ့ကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရတဲ့ ဒေသခံရွာသားတွေ အပေါ် စစ်တပ်က တရားလိုလုပ် စွဲထားတဲ့ အမှုတွေကို ဆိုလိုတာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

“ရုပ်သိမ်းပေးသွားဖို့ပြင်ဆင်နေတဲ့ အမှုတွေကတော့ အကြမ်းဖက်နဲ့စွဲထားတဲ့အမှုတွေဖြစ်တယ်။ ဒါက ငြိမ်းချမ်းရေး ရှေးရှုပြီးတော့ ဆောင်ရွက်နေတာဖြစ်တယ်။ အမှုပေါင်း ၁၄ မှု၊ တရားခံ ၃၅ ဦးတို့ အကျုံးဝင်မှာဖြစ်တယ်”လို့ ပြည်နယ်ဥပဒေချုပ် ရုံးက ပြောပါတယ်။

အမှုတွေ ရုပ်ဖို့ စစ်တပ်ဘက်က တရားဝင် အကြောင်းကြားထားတာ ရှိပြီး၊ အကြမ်းဖက် တိုက်ဖျက်မှု ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုမိန့် ရရှိတာနဲ့ တပြိုင်နက် ရုပ်သိမ်းပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် ရခိုင်မှာ အေအေနဲ့ ဆက်စပ်သံသယနဲ ဖမ်းဆီး တရားစွဲ ထားတဲ့ အမှုတွေထဲက အသုတ်လိုက် အမှုပြန်ရုပ်ပေးခဲ့တာ အရင် နှစ်ကြိမ် ရှိနှင့်ပြီး ဖြစ်ပါတယ်။

အခုတစ်ကြိမ်မှာတော့ အစ်ကိုဖြစ်သူ ပြန်လွတ်လာမလား မျှော်လင့်မိတယ် ဆိုပြီး မြောက်ဦး လက္ကာရွာသူ ဒေါ်မဝေသိန်းက ဘီဘီစီကို ပြောပါတယ်။

သူ့ရဲ့ အစ်ကို ဦးဖိုးသားလူ အဖမ်းခံခဲ့ရတဲ့ ဖြစ်ရပ်ဟာ ၂၀၁၉ ဧပြီလထဲမှာ ပေါ်ပေါက်ခဲ့တာပါ။ အေအေနဲ့ကြား တိုက်ပွဲတွေ ပြင်းထန်နေချိန် လက္ကာရွာထဲကို စစ်ကြောင်းဝင်လာပြီး ရွာသား ၂၆ ယောက် အစုလိုက်အပြုံလိုက် ဖမ်းဆီးခေါ်ဆောင် သွားခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီထဲက သုံးယောက် စစ်ကြောရေးအတွင်း သေဆုံးသွားခဲ့ပြီး၊ ကျန် ၂၃ ယောက်က အကြမ်းဖက်မှု ပုဒ်မတွေနဲ့ တရားစွဲဆို ခံနေကြရတာ ဖြစ်ပါတယ်။

အခုလို ရုပ်သိမ်းဖို့ ဆောင်ရွက်နေတဲ့ အမှုတွေထဲ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က) /၅၀(ခ)/ ၅၀(ဈ)/ ၅၂(က)တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

အခု စစ်တပ်က အမှု ရုပ်ပေးထားပြီး အကြမ်းဖက် တိုက်ဖျက်မှု ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေတယ် ဆိုတဲ့ အမှု ၁၄ ကတော့ ကျောက်တော် တရားရုံးက ၆ မှု၊ ပုဏ္ဏားကျွန်းတရားရုံးက ၁ မှု၊ ရသေ့တောင်တရားရုံးက ၁ မှု၊ မင်းပြားတရားရုံးက ၁ မှု၊ စစ်တွေတရားရုံးက ၂ မှု၊ အမ်းတရားရုံးက ၁ မှုနဲ့ ကျောက်ဖြူတရားရုံးက ၂ မှုတို့ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

https://www.facebook.com/BBCnewsBurmese/posts/4457888234267027

Leave a Reply

Your email address will not be published.